ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) အမှတ် ၁၄ တပ်ရင်း နယ်မြေအတွင်း နေထိုင်တဲ့ ပြည်သူတွေနဲ့ အကြောင်းအမျိုးမျိုးနဲ့ သွားလာနေတဲ့သူတွေအားလုံး မြစ်ကြီးနား- တနိုင်း လီဒိုလမ်းမတလျှောက် ညနေ ၇ နာရီမှ မနက် ၅ နာရီအတွင်း ခရီးသွားလာတာ မလုပ်ကြဖို့ ကေအိုင်အေက ဒီကနေ့ ဇွန်လ ၁၁ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ သတ်မှတ်ထားတဲ့ နယ်မြေအတွင်း အိမ်စီးကား၊ ခရီးသည်တင် မော်တော်ယာဉ်၊ ရေယာဉ်၊ ကုမ္ပဏီသုံးယာဉ်တွေ အားလုံး အာဏာသိမ်းကောင်စစ်ကောင်စီရဲ့ စစ်ပစ္စည်း လက်နက်ခဲယမ်းအပြင် စားနပ်ရိက္ခာ သယ်ဆောင်တာတွေ၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို မသင်္ကာဖွယ်ရာ မိုးကာအုပ်ပြီး သွားလာတာတွေ မပြုလုပ်ဖို့သတိပေးထားပါတယ်။
သတိပေးချက်တွေကို လိုက်နာမှုမရှိပါက နောင်ဖြစ်လာမယ့် ပြဿနာကို လုံးဝ တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ကြေညာထားပါတယ်။ တနိုင်းလီဒိုလမ်းကြောဟာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၁၄ လက်အောက်ခံနယ်မြေတစ်ခုဖြစ်ပါတယ်။
လတ်တလော ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အေနဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာအကျော် ၁၃ မိုင်ဂိတ်မှာ သေနတ်ပစ်ခတ်နေသံတွေကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲ၊ လ၀က၊ သစ်တောနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ချီဖွေနဲ့ ကန်ပိုက်တီနယ်စပ်သွားရာလမ်းဆုံ ဒေသအခေါ် ၁၃ မိုင်စုပေါင်းဂိတ်မှာ ဇွန်လ ၁၁ ရက် ဒီနေ့ မနက် ၁၀ နာရီကျော်မှာ သေနတ်ပစ်ဖောက်သံတွေကြားနေရတာလို့ဆိုပါတယ်။
“အိမ်ကနေတောင်ကြားတယ်။ သေနတ်ပစ်ခတ်နေကြတဲ့အသံ။ ခုလောလောဆယ်တော့ ငြိမ်နေတယ်”လို့ ဝါရှောင်ရွာသားတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်နယ်မြေခံ ခလရ ၅၈ တပ်နဲ့ ကေအိုင်အေတို့ ၁၀ မိနစ်လောက် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲ အခြေအနေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို အသေးစိတ် မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မနက်ကလည်း အဆိုပါ စုပေါင်းဂိတ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာတွေ ရှိပါတယ်။