မအူပင်မြို့နယ်မှာ မေ ၂၅ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနရဲ့ သတင်းထောက် ကိုအောင်မြသန်းကို ထောင်တွင်းတရားရုံးမှာ ဆက်လက်စစ်ဆေးဖို့ မအူပင်မြို့နယ်တရားရုံးက ဆုံးဖြတ်လိုပါတယ်။
ပုဒ်မ ၅ဝ၅ (က)နဲ့ အမှုဖွင့် တရားစွဲဆိုကာ မအူပင်အကျဉ်းထောင်မှာ ချုပ်နှောင်ခံထားရတဲ့ သတင်းထောက် ကိုအောင်မြသန်းကို ဇွန်လ ၈ ရက်က မအူပင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးပြီးနောက် ကျန်ရှိတဲ့ ရုံးချိန်းတွေကို ဇွန် ၁၆ ရက်စပြီး ထောင်တွင်း ယာယီတရားရုံးမှာသာ ဆက်လက်စစ်ဆေးသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။
"နောက်ပိုင်းမှာ ကျန်တဲ့ရုံးချိန်တွေကို ထောင်ထဲမှာပဲ ဆက်ပြီးစစ်မယ်လို့ ပြောတယ်။ သူ့ရဲ့ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်'' လို့ ကိုအောင်မြသန်းရဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။
သတင်းထောက်ကိုအောင်မြသန်းနဲ့အတူ မအူပင်ဟစ်တိုင် လူမှုကွန်ရက်က ကိုဇော်မင်းဦးကိုပါ စစ်ကောင်စီက ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုကာ မအူပင်ထောင်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကိုအောင်မြသန်းဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကစပြီး သတင်းလုပ်ငန်းတွေ လုပ်ကိုင်တာ ယာယီ ရပ်ဆိုင်းထားသူလည်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမှာ သံတော်ဆင့်ဂျာနယ် သတင်းထောက် ကိုရဲရင့်ထွန်း၊ တိုင်းဧရာဌာနမှ အလွတ်သတင်းထောက် မရွှေရည်ဝင်းနဲ့ မြောင်းမြမြို့မှ အလွတ်သတင်းထောက် ကိုရဝေမောင်တို့ ကိုလည်း အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။