ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားဖို့ ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာဘောလုံးအသင်းရဲ့ ဝတ်စုံ မန်နေဂျာ ဦးပြည့်စုံနိုင်ဟာ နှလုံးရောဂါနဲ့ ဇွန်လ ၉ ရက်က ရုတ်တရက် ကွယ်လွန်သွားပါတယ်။
အသက်၂၉ နှစ်ရှိ ဦးပြည့်စုံနိုင်ကွယ်လွန်သွားတဲ့အပေါ် မြန်မာဘောလုံးအဖွဲ့ချုပ်က ဝမ်းနည်းကြောင်း စာထုတ်ပြန်ပြီးနောက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်က ဝမ်းနည်းကြောင်း စာထုတ်ပြန်ခဲ့ပါတယ်။
"ကိုပြည့်စုံနိုင် ကွယ်လွန်ခဲ့မှုအပေါ် အားလုံးနဲ့ထပ်တူခံစားရတယ်လို့ အာရှဘောလုံး အဖွဲ့ချုပ်မိသားစုဝင်တွေကိုယ်စား ပြောချင်ပါတယ်။ ဘောလုံးက လူတွေ အစုအဖွဲ့နဲ့ ပူးပေါင်း လုပ်ဆောင်ရတာဖြစ်ပြီး အသင်းတာဝန်ရှိသူတွေ၊ အသင်းအဝတ်လဲခန်းက ဝန်ထမ်းတွေနဲ့ တခြား စေတနာ့ ဝန်ထမ်းတွေဟာ အသင်းအတွက်အကောင်းဆုံးဖြစ်ဖို့ မမောနိုင်မပန်းနိုင် လုပ်ဆောင်ပေး ကြသူတွေ ဖြစ်ပါတယ်။ ကိုပြည့်စုံနိုင်ရဲ့ ဘောလုံးအပေါ် ချစ်မြတ်နိုးမူတွေ၊ အကောင်းဆုံး တာဝန်ထမ်းဆောင်ခဲ့မူတွေအတွက်လဲ အမြဲတမ်း သတိရနေမှာပါ" လို့ အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်က တရားဝင်ဝက်ဘ်ဆိုက်ကနေ ပြောပါတယ်။
ဇွန်လ ၁၁ ရက် သောကြာနေ့မှာကစားမယ့် မြန်မာနဲ့ ကာဂျစ္စတန်ပွဲစဉ်မတိုင်ခင်မှာ ကိုပြည့်စုံနိုင်အတွက် တစ်မိနစ် ငြိမ်သက်ကာ ဆုတောင်းပေးမယ်လို့လည်း အာရှဘောလုံး အဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာဘောလုံး အသင်းဟာ ဇွန်လ ၁၅ ရက်နေ့မှာ တာဂျစ်ကစ္စတန်နဲ့ ခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်အနေနဲ့ ဆက်ကစားရမှာဖြစ်ပြီး လက်ကျန် ၂ ပွဲစလုံး အနိုင်ရမယ်ဆိုရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တတိယအဆင့်အထိ မျှော်လင့်ခွင့်ရှိနေဆဲဖြစ်ပါတယ်။