မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ အထောက်အကူပြုဖို့ ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ကိုရီးယားငွေကြေး ဝမ် ၁၀ သန်း မြန်မာဒီမိုကရေစီကွန်ရက်ထံ ဇွန်လ ၈ ရက်နေ့က ဆိုးလ်မြို့တော်ခန်းမမှာ လှူဒါန်းခဲ့ပါတယ်။
မနေ့မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ လှူဒါန်းခြင်း အခမ်းအနားမှာ ကော်မရှင်ကို ဦးဆောင်တဲ့ ဒိုဘုံးခရိုင်အကြီးအကဲ လီဒုံဂျင်းနဲ့တခြားခရိုင်က ကိုယ်စားလှယ်တွေ၊ ဂွမ်မြောင်မြို့တော်ဝန်တို့လည်း တက်ရောက်ခဲ့ပြီး မြန်မာဒီမိုကရေစီကွန်ယက်မှ ပူးတွဲခေါင်းဆောင် ဦးရန်နိုင်ထွန်း အပါအဝင် သက်ဆိုင်ရာကိုယ်စားလှယ်တွေကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ကော်မရှင်ကို ဦးဆောင်သူ လီဒုံဂျင်းက မြန်မာစစ်တပ်ရဲ့ နှစ်ရှည်လများ အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေကို ဒုက္ခအခက်အခဲတွေ ပေးနေတာဖြစ်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေရတဲ့ မြန်မာပြည်သူတွေကို မျှော်လင့်ချက်ပေးနိုင်မယ်လို့ မျှော်လင့်ပါကြောင်း ပြောပါတယ်။
ကိုရီးယား အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ကိုရီးယားရှိ မြန်မာသံရုံးရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှုဟာ ကိုရီးယားနိုင်ငံရဲ့ မေလ ၁၈ ရက် ဒီမိုကရေစီလှုပ်ရှားမှုနဲ့ သမိုင်းကြောင်း အစဉ်အလာ တူညီမှုတွေ ရှိနေတယ်လို့ ဧပြီ ၂၇ ရက် အထွေထွေအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
မေလ ၁၈ ရက် ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှုမှာ အသည်းအသန် ကြိုးပမ်းခဲ့ရသလိုပဲ ကမ္ဘာ့အသိုင်းအဝိုင်းကနေ အကူအညီတွေ တောင်းခံနေတဲ့ မြန်မာပြည်သူတွေကို ကူညီပံ့ပိုးကြဖို့လည်း နှိုးဆော်ထားပါတယ်။