မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဟာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြစ်ရတဲ့ အခက်အခဲတွေအပြင် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုကြောင့် ကြုံရတဲ့ စီးပွားရေး အကျပ်အတည်းတွေကြောင့် ဘေးဒုက္ခတွေများနေတဲ့ ထောင်သောင်းချီ ပြည်သူလူထုကို အကူအညီတိုးမြှင့်ပေးနေတယ်လို့ ကြက်ခြေနီ အကူအညီပေးရေးအဖွဲ့က ဇွန် ၈ ရက်မှာ ပြောပါတယ်။
လူအတော်များများဟာ ၀င်ငွေရဖို့ ရုန်းကန်နေကြရပြီး ကျန်းမာရေးစောင့်ရှောက်မှုလို အခြေခံ၀န်ဆောင်မှုတွေကို လက်လှမ်းမမီကြဘူးလို့ ကြက်ခြေနီအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးထင်ဇော်စိုးက ကြေညာချက်မှာပြောပါတယ်။
ကြက်ခြေနီအသင်းဟာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းနဲ့ လခြမ်းနီအသင်းများရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတဝန်းရှိ လူပေါင်း ၂၃၆,၀၀၀ ကို ငွေကြေးနဲ့ အစားအစာ အကူအညီတွေ ပါဝင်တဲ့ ထောက်ပံ့မှုတွေ တိုးလုပ်သွားမယ်လို့လည်း ပြောပါတယ်။
ရွေးကောက်တင်မြှောက်ခံ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံကို စစ်တပ်က အကြမ်းဖက် အာဏာလု ဖြုတ်ချခဲ့ပြီးကတည်းက လူဦးရေ ၅၃ သန်းရှိတဲ့ တိုင်းပြည်ဟာ ပရမ်းပတာ အရှုပ်အထွေးတွေ ကြုံနေရတာပါ။
စီးပွားရေးကျဆင်းပြီး၊ ဆန္ဒပြမှုတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားနေကာ စစ်တပ်အုပ်ချုပ်မှုကို အတိုက်အခံပြုသူ ရာပေါင်းများစွာကို လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ် ခဲသလို ထောင်နဲ့ချီတဲ့ပြည်သူတွေကိုလည်း ဖမ်းဆီးထားတဲ့အပြင် နယ်စပ်ဒေသမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။