စစ်အာဏာရှင် အလိုမရှိကြောင်း မြန်မာပြည်သူတွေက နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြနေကြရာမှာ ခုတခါမှာတော့ တော်လှန်ရေးသစ်ပင်ကမ်ပိန်းမှာ ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။
ဒီကမ်ပိန်းကိုတော့ ဒီကနေ့ ဇွန် ၇ ရက်နေ့မှာ မြန်မာနိုင်ငံအနှံ့ အားလုံးပါဝင်နိုင်မှာ ဖြစ်ကာ တော်လှန်ရေးသစ်ပင်ဆိုတာ မမေ့ဖို့၊ စိမ်းလန်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
တော်လှန်ရေးမှာ ကျဆုံးသွားသူတွေ၊ လူထုချီတက်ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ ကျည်ဆန်တွေ၊ တောထဲမှာ ခိုးမွှေးရတဲ့ မီးဖိုတွေကို သတိရနေဖို့၊ မမေ့ဖို့အတွက် သစ်ပင်တပင်ကို ရည်ရွယ်ပြီး စိုက်ပျိုးကြရမှာ ဖြစ်ပါတယ်။
ဒီကမ်ပိန်းမှာတော့ အိမ်တိုင်းမှာ ပန်းပင်၊ သီးပင်၊ စားပင်တွေအဖြစ် စိုက်နိုင်သလို၊ ကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့က ပြုလုပ်ခဲ့ကြတဲ့ သစ်ပင်စိုက်သပိတ်လို လမ်းဘေးတွေ၊ တောထဲတွေ၊ ပန်းခြံတွေမှာ စိုက်နိုင်သလို အဖျက်ဆီးခံရမယ့်ရန်က လွတ်နိုင်တဲ့ နေရာတွေမှာ စိုက်ရင် ပိုအဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။
တော်လှန်ရေးသစ်ပင်တွေ စိုက်ပြီးတဲ့အခါ #တော်လှန်ရေးသစ်ပင် ဆိုတဲ့ Hash Tag နဲ့အတူ အသုံးပြုပြီး တင်ကြရမှာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ပြည်သူတရပ်လုံးက လက်မခံဘဲ ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြတဲ့ စစ်အာဏာရှင်ဆန့်ကျင် နွေဦးတော်လှန်ရေး ကာလဟာ ၄ လကျော်လာခဲ့ပြီဖြစ်ကာ လတ်တလောအချိန်အထိ ကျဆုံးသူပေါင်း ၈၅၀ နီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။