ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်မှာ စစ်ဘေးရှောင် အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ ကလေးငယ် ၃ ယောက်ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရှောင်စခန်းအတွင်းမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
KBC စစ်ရှောင်စခန်း ၂ မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကလေး ၃ ယောက် မိခင်အမျိုးသမီး ဒေါ်လဘောင်ခေါင်ညွယ်ကို ကေအိုင်အေနဲ့အဆက်အသွယ်ရှိတယ်လို့စွပ်စွဲပြီး ဇွန်လ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့၀င် စစ်သားတွေနဲ့ ရဲတွေက စစ်ရှောင်စခန်းအတွင်းထဲ ထိ၀င်ရောက်ကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ အဆိုပါအမျိုးသမီးကို ချီဖွေရဲစခန်းအချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး သူနဲ့အတူ လသားအရွယ် ကလေးတစ်ဦး၊ ၈ နှစ် အရွယ် သားကြီးနဲ့ ၅ နှစ်အရွယ် သားငယ်တို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။
မှားယွင်းစွပ်စွဲ ဖမ်းဆီးခံရတာဖြစ်ပြီး နို့တိုက်မိခင်တစ်ဦးအနေနဲ့ ရုံးချိန်းတွေနဲ့ တရားရင်ဆိုင်နေရတာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေလိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်စစ်ရှောင်ပြည်သူတွေဟာ ချီဖွေမြို့ပေါ်ရှိ စစ်ရှောင်စခန်း ၅ ခုထက်မနည်းမှာ ခိုလှုံနေကြတာဖြစ်ပါတယ်။