ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့၊ စံပြရပ်ကွက် မြို့ပတ်လမ်းမှာ ဇွန်လ ၄ ရက် ဒီနေ့ မနက် ၂ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲပြီး ဒေသခံ အမျိုးသား ၄ ယောက် သေဆုံးသွားပါတယ်။
သေဆုံးသွား ၄ ယောက်ဟာ မနေ့ညက ဖားရှာသွားခဲ့ကြပြီး ပြန်လာရာလမ်းမှာ ဗုံးတစ်လုံးတွေ့လို့ ကောက်ယူခဲ့ကြပြီးနောက် တစ်ဦးကဗုံးကို ထုကြည့်ရာမှ ပေါက်ကွဲပြီး သေဆုံးသွားကြတာလို့ ပုဏ္ဍားကျွန်းနယ်ခံ သတင်းထောက်တစ်ဦးက ပြောပါတယ်။
“သူတို့ကညဘက် ဖားရှာရင်းနဲ့ ကြောင်တစ်ကောင်ရခဲ့တယ်။ အဲဒီကပြန်လာကြတော့ လမ်းမှာဗုံးတွေ့လို့ ကောက်လာကြတယ်။ ပုဏ္ဍားကျွန်းမြို့ဆေးရုံနောက်က မြို့ပတ်လမ်းမှာရှိတဲ့ တံတားမှာ မီးဖိုပြီးတော့ ရလာတဲ့ကြောင်ကို ကင်တယ်။ အဲဒီအချိန်မှာပဲ ကောက်လာတဲ့ဗုံးကို တစ်ယောက်က ထုလိုက်တော့ပေါက်ကွဲသွားတယ်။ လေးယောက်စလုံးသေသွားတယ်”။
အန်အယ်လ်ဒီအစိုးရလက်ထက် ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အာဏာသိမ်းထားချိန် လက်ရှိမှာတော့ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့မြို့နယ်တွေမှာ မကြာခဏဆိုသလို စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေ ဖြစ်ပွားကာ လူသေဆုံးတာတွေနဲ့ ပြင်းထန်ဒဏ်ရာတွေရှိလာနေပါတယ်။