မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ရှေ့မှာ ပရိတ်ရွတ်တဲ့ သံဃာတော်တွေကို ဇွန်လ ၁ ရက် ည ၈ နာရီလောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့ တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။
စစ်တပ်က သေနတ်သုံးချက် ပစ်ဖောက်ခဲ့တာမှာ သံဃာတော် တစ်ပါး ပြေးရင်းနဲ့ ဒဏ်ရာရခဲ့ကာ ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ သိရပါတယ်။
ဆရာတော် သံဃာတော်တွေဟာ မစိုးရိမ်တိုက်သစ်ရှေ့မှာ နေ့စဉ် မြန်မာပြည်သူပြည်သားများကြုံတွေ့နေရတဲ့ ဘေးဒုက္ခအပေါင်းက ကင်းစင်လွင့်ပျောက်စေဖို့၊ ဖမ်းဆီးခံထားရတဲ့ သံဃာတော်အရှင်သူမြတ်များ နိုင်ငံခေါင်းဆောင်များ ပြည်သူပြည်သားများ အမြန်ဆုံးလွတ်မြောက်နိုင်စေဖို့ ပရိတ်ရွတ် မေတ္တာပို့ဆုတောင်းတာတွေ လုပ်လေ့ရှိပါတယ်။
ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း ၅၆ လမ်း နဲ့ ၅၇ လမ်းကြား လေးမျက်နှာဘုရားအနီးမှာလည်း ဇွန်လ ၁ ရက် ၈ နာရီ ၄၅ မိနစ်လောက်က အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေဟာ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
လေးမျက်နှာဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကို ဗုံးနဲ့ထုတာကြောင့် ခြောက်လှန့်ပစ်ခတ်တာလို့ သိရပါတယ်။
“လေးမျက်နှာဘုရားဝင်းထဲမှာ တပ်စွဲထားတာရှိတယ်။ အဲ့ဒါကို ဗုံးနဲ့ ထုတယ်လို့ သိရတယ်။ အသံကျယ်ကျယ်တော့ ကြားလိုက်ရတယ်။ အဲ့ဒီနောက်မှာပဲ သေနတ်တွေနဲ့ လှည့်ပတ်ပြီး ပစ်တော့တာပဲ။ စစ်သား တစ်ယောက်သေတယ်လို့လည်း ကြားတယ်။” လို့ ပစ်ခတ်မှုတွေဖြစ်တဲ့ အနီးပတ်ဝန်းကျင်မှာ နေသူ တစ်ဦး က ပြောပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ မန္တလေးမြို့အတွင်း နေရာတော်တော်များများ ဗုံးပေါက်တာတွေဖြစ်ခဲ့ပြီး ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်မီးပွိုင့်အနီးက အ ထ က (၃၂) ကျောင်းရှေ့မှာ အစောင့်ချထားတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ကို သေနတ်နဲ့ ပစ်သွားတာကြောင့် ၁ ယောက်သေ၊ တယောက် ဒဏ်ရာရခဲ့ပါတယ်။