Home
မြန်မာသတင်း
မြေဖြူကိုင်သောလက်များရဲ့ လက်နက်ကိုင်တော်လှန်ရေးခရီး
DVB
·
May 31, 2021
Sayar Myo

ဖက်ဒရယ်အိပ်မက်အတွက် မိမိရဲ့ အသက်မွေး‌ဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး လက်နက်ကိုင်တော်လှန်ရေးထဲကို ဝင်ရောက်လာသူတွေ ရှိပါတယ်။ အဲဒီထဲမှာ မြေဖြူတောင့်ကို ပစ်ချပြီး စာသင်ခန်းကို ကျောခိုင်းခဲ့တဲ့ ဆရာမျိုးတစ်ယောက်လည်း ပါဝင်ပါတယ်။

လူထုကို ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းနေတဲ့ စစ်ကောင်စီကို တော်လှန်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ လူငယ်ထောင်ပေါင်းများစွာရှိနေသလို မြေဖြူကိုင်တဲ့ ကျောင်းဆရာတွေလည်း ပါဝင်လာခဲ့ပါတယ်။

အဲဒီထဲမှာ  အသက် ၃၀ အရွယ် ပညာရေးကောလိပ်ဆင်း တောကျောင်းအုပ်ဆရာလေး ဆရာမျိုးတစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။

ဆရာမျိုးအတွက် လက်ထဲကမြေဖြူတောင့်ကို လွှတ်ချပြီး လက်နက်ကိုင်ဖို့အတွက် ဆုံးဖြတ်ရတာ သိပ်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

ဒါပေမဲ့လည်း  လူထုအတွက်၊ တပည့်တွေရဲ့အနာဂတ်အတွက်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် နူးညံ့တဲ့ ကျောင်းဆရာဘဝကို စွန့်လွှတ်ဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဆုံးဖြတ်ချရတာတော့ ခက်တာပေါ့ဗျာ။ ကျနော်တို့ ကျောင်းဆရာ၊ ဆရာမ၊ ပညာရေးဘက်က လူတွေတော်တော်များများက ကျနော်တို့က  နူးနူးညံ့ညံ့အသိုင်းအဝိုင်းက လာခဲ့ရတာ။ ဆရာ ဆရာမဆိုတာက သိတဲ့အတိုင်းပဲ ပွင့်ပွင့်လင်းလင်းပြောရရင် ခြင်တစ်ကောင်တောင် ရိုက်ဖို့ စိတ်ပါကြတာမဟုတ်ဘူး။ ဒါပန်းခင်းလမ်းမဟုတ်မှန်းသိပါတယ်။ ဆူးခင်းတဲ့လမ်းမှာ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာလည်းသိပါတယ်။ ကျနော် ရင်ဆိုင်သွားမှာပါ”

ဆရာမျိုးဟာ နအဖအစိုးရလက်ထက်မှာ ပညာရေးကောလိပ်ဆင်းပြီး ကျောင်းဆရာဖြစ်လာခဲ့သူပါ။

ကျောင်းဆရာစဖြစ်တော့ အသက် ၁၈ နှစ်အရွယ်ပဲရှိပါသေးတယ်။ အဲဒီအချိန်တုန်းကတော့ တိုင်းပြည်အနာဂတ်တွက် အိပ်မက်တွေတွေကို အကောင်အထည်ဖော်ဖို့ တက်ကြွနေခဲ့တယ်လို့ ဆရာမျိုးကဆိုပါတယ်။

ဒါပေမဲ့လည်း လုပ်ငန်းခွင်ဝင်ချိန်မှာတော့ ကြိုးနီစနစ်တွေ၊ စီမံခန့်ခွဲမှုအလွဲအမှားတွေကြားမှာ အိပ်မက်တွေကို ထင်သလောက် အကောင်အထည်ဖော်လို့မရခဲ့ပါဘူး။ အဲဒီနောက် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ထူးခြားမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာရချိန်မှာတော့ ပညာရေးဘက်ဂျက် တိုးမြှင့်လိုက်တာနဲ့ လွတ်လပ်စွာပြောဆိုခွင့် အထိုက်အလျောက်ရလာတာ စတာတွေကြောင့် မျှော်လင့်ချက်တွေပြန်ပြီး အသက်ဝင်လာခဲ့ပါတယ်။

သူ့ရဲ့အိပ်မက်ကတော့ တန်းတူညီတူရှိတဲ့ပညာရေးစနစ်တစ်ခုဖြစ်ဖို့နဲ့ သူသင်ကြားပေးလိုက်ရတဲ့ တပည့်တွေဟာ နယ်ပယ်အလိုက်တတ်ကျွမ်းပြီး ဘဝကို ရိုးရိုးသားသား ဖြတ်သန်းနိုင်တဲ့သူတွေဖြစ်စေချင်တာပါ။

ဒါပေမဲ့ သူ့ရဲ့မျှော်လင့်ချက်အိပ်မက်ဟာ ဖေဖော်ဝါရီတစ်ရက်နေ့မှာတော့ စစ်တပ်အာဏာသိမ်းလိုက်တာနဲ့ အတူ ကျကွဲခဲ့ရပါတယ်။

“အစိုးရတစ်ဆက်ပဲ အုပ်ချုပ်ခဲ့ရတဲ့ အန်အယ်လ်ဒီ အစိုးရရဲ့ ငါးနှစ်တာကာလမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ တော်တော်မြင်ရတယ်။ ဘက်ဂျက်ပိုင်းဆိုင်ရာကအစ နည်းနည်းလေး တိုးတက်လာတာကိုတွေ့ရတယ်။ အဲဒီကနေ ခု ၂၀၂၁ မှာ သူတို့ ဆက်ပြီးအုပ်ချုပ်မယ်ဆိုရင် ကျနော်တို့ လုပ်နိုင်စွမ်းပိုများလာမယ်။ ပထမသက်တမ်း ကနေ အတွေ့အကြုံကို ယူပြီးတော့ ပိုလုပ်လာနိုင်မယ်။ ကျနော်တို့ နိုင်ငံရဲ့ပညာရေးကလည်း အရင်ကထက်ပိုပြီးတော့ တိုးတက်လာမယ်။ အဲဒီလို ဝမ်းသာနေရာကနေ ရုတ်တရက်ဆိုသလို အာဏာသိမ်းလိုက်တဲ့အချိန်မှာ ဟိုးအရင်လို အိပ်မက်ဆိုးကြီး ပြန်မက်ရပြီ။ ကလေးတွေအတွက် များစွာစိတ်မကောင်းဖြစ်ရပါတယ်”

ငယ်စဉ်ဘဝ ကျောင်းတက်ချိန်ကစလို့ ကျောင်းဆရာစဖြစ်တဲ့အချိန်ထိ စစ်တပ်လက်အောက်နေခဲ့ရသူမို့ အဲဒီအိပ်မက်ဆိုးကြီးကို ကလေးတွေကို လက်ဆင့်မကမ်းချင်ဘူးလို့ သူက ဆိုပါတယ်။

ဒါကြောင့် သူဟာ အာဏာရှင်ကိုတော်လှန်ဖို့အတွက် လွတ်မြောက်နယ်မြေတစ်နေရာကို ထွက်လာခဲ့ပါတော့တယ်။

ဒီလမ်းဟာ ကောက်ရိုးမီးလို ဟုန်းခနဲ ထတောက်ရုံနဲ့ မအောင်မြင်နိုင်တဲ့လမ်းမှန်း နားလည်လက်ခံထားပြီး တော်လှန်ရေးအောင်မြင်တဲ့အထိ ဘယ်တော့မှ နောက်ပြန်ဆုတ်မှာမဟုတ်ဘူးလို့ ဆရာမျိုးက ဆိုပါတယ်။

“ဒီတော်လှန်ရေးပြီးတဲ့အထိ ဆက်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်သည် ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်ရမယ်။ မည်သည့်အာဏာရှင်မှ ဒီမိုကရေစီလို့ပြောပြီး အာဏာရှင်ဖြစ်လာရင်လည်း တွန်းလှန်မှာပဲ။ အာဏာရှင်ဆို ဘယ်အာဏာရှင်မှကို မလိုချင်တာ။ ကွန်မြူနစ်အာဏာရှင်ပဲဖြစ်ဖြစ် ဘာအာဏာရှင်မှမလိုချင်ဘူး။ ပြည်သူကို ရင်ဝယ်သားလိုအုပ်ချုပ်တဲ့အစိုးရနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်။”

တော်လှန်ရေးအတွက် ထွက်လာခဲ့တဲ့လမ်းမှာ သံယောဇဉ်တွေအားလုံးကို ဖြတ်ချထားခဲ့ပေမယ့် မိုးတွေလေတွေကျလာတဲ့အချိန်ဆိုရင်တော့ ကျောင်းတွေပြန်ဖွင့်တော့မယ်ဆိုတဲ့စိတ်နဲ့ သူချစ်တဲ့ကျောင်းလေးနဲ့ သူချစ်တဲ့တပည့်တွေကိုဆီကို အပြေးပြန်သွားချင်စိတ် ခဏခဏဖြစ်မိတယ်လို့ပြောပါတယ်။

တော်လှန်ရေးအောင်ပြီးရင်တော့ သူချစ်တဲ့ ကျောင်းလေးဆီ သေချာပေါက်ပြန်သွားမယ်လို့ဆိုပါတယ်။

“ကျနော်တို့နိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သွားတဲ့တစ်နေ့ကျရင်တော့ ကျနော် အေးအေးချမ်းချမ်းပဲ စာပြန်သင်ချင်ပါတယ်။ ကျောင်းဆရာ ပြန်လုပ်ပါဦးမယ်။ အဲဒီမတိုင်ခင်ကတော့ တော်လှန်ရေးရဲဘော်အဖြစ်နဲ့ ဆက်နေသွားမှာပါ”

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းဆရာ၊ ဆရာ ၄ သိန်းဝန်းကျင်ရှိတဲ့အထဲ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ပြီးတာကြောင့် အလုပ်ရပ်ဆိုင်းခံရသူ တစ်သိန်းခွဲကျော်အထိ ရှိလာနေပါပြီ။

ဒါကြောင့် စစ်ကောင်စီရဲ့ ကျောင်းဖွင့်နိုင်ရေး ကြိုးပမ်းမှု အောင်မြင်မှာမဟုတ်ဘူးလို့ ပညာရေးအသိုင်းအဝိုင်းကလည်း ပြောဆိုနေကြပါတယ်။

ဒါတွေအပြင် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်သွားတဲ့ ပညာရေးဝန်ထမ်းတွေလည်း အများအပြား ရှိနေပါတယ်။

ဆရာမျိုး စစ်သင်တန်းတက်နေတဲ့ နေရာတစ်ခုတည်းမှာတင် ကျောင်းဆရာ ၂၀ ဝန်းကျင်ရှိနေတာပါ။ သူတို့အားလုံး မြေဖြူကိုင်တဲ့လက်တွေနဲ့ပဲ တော်လှန်ရေးဆင်နွှဲဖို့ စိတ်အားထက်သန်နေပါတယ် ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024