အကြမ်းဖက်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကရင်ပြည်နယ် ဘားအံမြို့ကို မေ ၃၁ ရက် မနက်ပိုင်းက ရဟတ်ယာဉ် ၂ စင်းနဲ့အတူ ရောက်ရှိလာတယ်လို့ မြို့ခံပြည်သူတွေက ဒီဗွီဘီကို အတည်ပြု ပြောကြားပါတယ်။
စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အကြမ်းဖက်စစ်ခေါင်းဆောင်အနေနဲ့ ဘားအံမြို့ကို ပထမဆုံးအကြိမ်ရောက်ရှိလာတာဖြစ်ပြီး မြို့ပေါ်နေရာတော်တော်များများမှာ လုံခြုံရေး တင်းကျပ်စွာ ချထားသလို သံလွင်မြစ်ထဲမှာ စစ်ရေယာဉ် ၁ စီး အသင့်အနေအထား ရှိနေတယ်လို ဆိုပါတယ်။
"ဘားအံကို ရောက်လာတာတော့ ဟုတ်တယ်။ လေယာဉ်တွေက တပ်မထဲဆင်းသွားတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်နဲ့ အတူပါလာတဲ့ ဝန်ကြီးတွေ ဘားအံတက္ကသိုလ်ကို လာပြီးဆွေးနွေးပွဲ လုပ်မယ်လို့ ကြားတယ်။ ဒါပေမဲ့ အခုထိမရောက်သေးဘူး"လို့ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်ခေါင်းဆောင် လိုက်ပါစီးနင်းလာတဲ့ ရဟတ်ယာဉ်တွေဟာ အမှတ် ၂၂ တပ်မ ဌာနချုပ်ဝင်းထဲမှာ ဆင်းသက်ပြီးတဲ့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ရုံးကို သွားရောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။