ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာ မေလ ၃၀ ရက် ဒီနေ့လယ်ပိုင်းက မီးသတ်စခန်းရှေ့ ဖြတ်မောင်းလာတဲ့ ဆိုင်ကယ်ကို စခန်းထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၃ နာရီလောက်မှာ မီးသတ်စခန်းရှေ့ ဆိုင်ကယ်နဲ့ ဖြတ်မောင်းလာတဲ့ အမျိုးသားယောက်ကို စစ်တပ်က စခန်းထဲကထွက်ပြီး သေနတ်နဲ့ ၅ ချက်လောက် ပစ်ခတ်ခဲ့ကာ ဒဏ်ရာရရှိသွားတဲ့ အမျိုးသားကို ရိုက်နှက်ပြီး စခန်းထဲကို ဆွဲခေါ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
မျက်မြင်တွေ့သူတစ်ဦးက “စခန်းရှေ့ဖြတ်မောင်းတာကို ထွက်ပစ်တာ။ ဆက်တိုက် ၅ ချက်လောက်ရှိမယ်။ ထိပြီးလဲသွားတော့ ရိုက်နှက်ပြီး စခန်းထဲဆွဲခေါ်သွားတယ်။ ခုထိ ပြန်လွှတ်ပေးတာ မတွေ့သေးဘူး” လို့ ပြောပါတယ်။
ပစ်ခတ် ဖမ်းဆီးခံရတဲ့ အမျိုးသားဟာ ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။
ရွှေပြည်သာမြို့နယ်မှာ စစ်တပ်က တပ်စွဲထားတဲ့နေရာတွေနဲ့ ရဲစခန်းဝင်းတွေ အနားကို ဆိုင်ကယ်နဲ့ ဖြတ်သန်းမောင်းနှင်ခွင့်ပေးမထားဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရွှေပြည်သာမြို့မှာ မေလ ၃၀ ရက်နေ့ တရက်တည်း ဗုံးပေါက်ကွဲမှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့ သိရပါတယ်။