ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အင်တိုင်းကြီးကျေးရွာမှာ မေလ ၂၉ ရက် နေ့လယ် ၁ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီတပ်တွေ အိမ်စီးကား ၃ စီးနဲ့ရောက်လာပြီး အိမ်အချို့မှာ မွှေနှောက်ဖျက်ဆီးကာ ရွှေ ငွေနဲ့ စားသောက်ကုန်တွေ ယူဆောင်သွားကြတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်လာခဲ့တဲ့အတွက် ရွာသားတွေဟာ ဘေးလွတ်ရာထွက်ပြေးကြစဉ် အခုလို ရွှေငွေပစ္စည်းတွေ ယူဆောင်သွားကြတာလို့ ဒေသခံတဦးက ပြောပါတယ်။
“အခု ညနေ ၄ နာရီခွဲလောက် သူတို့ပြန်သွားပြီး ရွာထဲကအိမ်တွေကို လိုက်စစ်လိုက်တော့ အရင်အုပ်ချုပ်ရေးမှူးဟောင်း ဦးတင်အေးအိမ်က ငွေ ၈ သိန်းနဲ့ ရွှေဆွဲကြိုး ရွှေလက်စွပ်တွေ ပါသွားတယ်။ ကိုပြေခ အိမ်က ပဲဆီ ၂ ပုံး၊ ဘီယာဖာတွေ သောက်လည်းသောက်၊ ယူလည်းယူသွားတယ်။ မူးရူးပြီးလည်း မွှေနှောက်ဖျက်ဆီးသွားကြသေးတယ်။ ကိုသူ အိမ်ကတော့ TV မှန်ပြင်၊ ထမင်းပေါင်းအိုး၊ အအေးဘူးတွေနဲ့ စားသောက်စရာတွေ ပါသွားတယ်။ မျိုးသန့်ဦး အိမ်က အသံချဲ့စက်နဲ့ ဆောင်းဘောက်တွေ ယူသွားကြတယ်။ ဖျက်ဆီးထားခဲ့တာတွေလည်း အများကြီးပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်းမှာ စစ်ကောင်စီအဖွဲ့တွေ လှုပ်ရှားသွားလာနေကြပြီး အခုလို ရွာတွေဝင်ပြီး ပစ္စည်းနဲ့ တိရစ္ဆာန်တွေ၊ ယူငင်သတ်ဖြတ်စားသောက်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။