မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ နတ်ကန်လယ် (နကလယ်) ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ဖမ်းဆီးစစ်ဆေးနေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာသား ၅ ယောက်ဖမ်းဆီးခံရပါတယ်။
မေလ ၂၆ ရက် ညက နတ်ကန်လယ်ရွာမှာ အထကခွဲ စာသင်ကျောင်းကို ဘယ်သူမီးရှို့သွားမှန်းမသိဘဲ အပြစ်မဲ့ ရွာသား အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။
အမျိုးသမီးတွေကို ဖမ်းတာဟာ သူတို့ ခင်ပွန်းတွေမတွေ့တာကြောင့် ဓားစာခံအဖြစ်ဖမ်းဆီးသွားတာလို့လည်းဆိုပါတယ်။
မေလ ၂၇ ရက်မနက်မှာတော့ ရွာကို စစ်ကား ၁၅ စီး အင်အားအများအပြားနဲ့ လာရောက်ဝိုင်းထားပြီး ဖမ်းဆီးစစ်ဆေးနေတာကြောင့် ရွာမှာရှိတဲ့ အမျိုးသားတွေအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီနောက် ကျောက်ပန်းတောင်းမြို့ပေါ်မှာ လက်လုပ်ဗုံး ၃ လုံးပေါက်ကွဲတာကြောင့် စစ်ကား ၁၁ စီးလောက်ပြန်သွားပြီးတော့ နကလယ် ရွာမှာ ၄ စီးကျန်နေခဲ့ပါတယ်။
ဒီနေ့မနက်အထိစစ်တပ်က မပြန်သေးဘဲနဲ့ ရွာက သတင်းပေးဒလန်နဲ့ ပေါင်းပြီးတော့ ပြည်သူတွေဆီကနေ ခရီးစရိတ် ကျပ် ၃ သိန်းတောင်းနေတယ်လို့ ရွာသားတစ်ယောက်က ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့အနီးက သံဘိုရွာ စာသင်ကျောင်းမှာလည်း မေလ ၂၇ ရက်နေ့က စစ်ကျွန်ပညာရေး ဆန့်ကျင်တဲ့စာရေးထားတာကြောင့် ကျောင်းစာရေးအပါဝင် ၃ ယောက်ကို စစ်တပ်က ဝင်ရောက်ရိုက်နှက်ပြီး စာတွေကို ပြန်ဖျက်ခိုင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။