ကိုရီးယား အင်ဒီဂီတပညာရှင်များအစည်းအရုံးက အဆိုတော်တွေဟာ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ရည်စူးထားတဲ့သီချင်းတပုဒ်ကို ထုတ်လွှင့်တော့မှာ ဖြစ်ပါတယ်။
မြန်မာဒီမိုကရေစီကို ထောက်ခံအားပေးတဲ့ ဒီအနုပညာရှင်တွေဟာ လာမယ့်တနင်္လာနေ့မှာ ရော့ခ်ဂီတပုံစံနဲ့ သီဆိုထားတဲ့ “March For the Beloved” ဆိုတဲ့ သီချင်းကို ထုတ်လွှင့်တော့မယ်လို့ မေ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
Ta-Copy အဖွဲ့က ကင်မ်ဂျေဂွတ်၊ ABTB ရော့ခ်အဖွဲ့က ရှင်ဂါရမ်၊ ပတ်ခ်ဂွမ်ဟုန်နဲ့ Fishingirls ရော့ခ်တီးဝိုင်းမှ ဗီယန်နာဖင်းဂါးတို့ အပါအဝင် အင်ဒီအဆိုတော် ၁၃ ယောက်တို့က ပါဝင်သီဆိုမှာဖြစ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကို သီချင်းနဲ့ဖော်ထုတ်ဖို့ ရည်ရွယ်ပြီး မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် အနုပညာရှင်တွေက မေတ္တာနဲ့ပါဝင်ထားကြတာလို့ အင်ဒီဂီတပညာရှင်များ အစည်းအရုံးက ရှင်းပြပါတယ်။
“March For the Beloved” သီချင်းဟာ ၁၉၈၀ ခုနှစ်က မေလ ၁၈ ရက် ဂွမ်ဂျူးအရေးအခင်းအတွင်းမှာ သေဆုံးခဲ့ရသူတွေကို အောက်မေ့တဲ့ ကိုရီးယားဒီမိုကရေစီလှုပ်ရှားမှု ကိုယ်စားပြု အမှတ်သင်္ကေတ သီချင်းဖြစ်ပါတယ်။ ဒီသီချင်းရဲ့ မူရင်းတေးရေးဆရာ ကင်မ်ဂျုံရူလ်က အနုပညာရှင်တွေရဲ့ရည်ရွယ်ချက်ကို ကြားလိုက်တဲ့အခါမှာ အင်ဒီးအဖွဲ့ရဲ့ ပြန်လည်သီဆိုပုံဖော်မှုမှာ ပါဝင်ဖို့အသင့်ပါပဲလို့ ပြောပါတယ်။