စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှာ ကျောင်းအပ်လက်ခံတဲ့ မေလ ၂၄ ရက်မှ မေ ၂၈ ရက်နေ့အထိ ကျောင်းလာအပ်တဲ့ ကျောင်းသူ ကျောင်းသား တစ်ယောက်မှ မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“အခု ကျနော်တို့ ကံကုန်းကျေးရွာမှာ ဆရာ ဆရာမတွေ ကျောင်းအပ်လက်ခံဖို့ရွာထဲ မှာရှိနေတယ်။ ကျောင်းကိုတော့ သွားမဖွင့်ရဲဘူး”လို့ ကံကုန်း ရွာသားတစ်ဦးကပြောပါတယ်။
အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိတဲ့ ကံကုန်းကျေးရွာမှာ အထက်တန်းကျောင်းသား ကျောင်းသူ ၈၀ လောက်ရှိပါတယ်။ အထက်တန်းကျောင်းမှာတော့ ဆရာ ဆရာမ အယောက် ၄၀ လောက်ရှိပြီး CDMလုပ်နေတဲ့ ဆရာ ဆရာမ ၃၄ ယောက်ရှိပါတယ်။
နိုင်ငံတဝန်းက အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေ ကျောင်းအပ်လက်ခံတာကို မေလ ၂၄ ရက်မှ မေလ ၃၀ ရက်အထိသတ်မှတ်ထားတာဖြစ်ပြီး ဇွန်လဆန်းမှာ ကျောင်းတွေပြန်ဖွင့်လှစ်ဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေတာ ဖြစ်ပါတယ်။
ဆရာ ဆရာမတွေက အကြမ်းမဖက်အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်နေကြသလို ကျောင်းသား ကျောင်းသူတွေကလည်း စစ်ကျွန်ပညာရေးစနစ်ကို ဆန့်ကျင်သပိတ်မှောက်နေကြတာ ဖြစ်ပါတယ်။