မြန်မာနိုင်ငံဟာ သမိုင်းတလျှောက် အမှောင်မိုက်ဆုံးအချိန်ကို ရင်ဆိုင်နေရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက ယူကေပါလီမန်ရဲ့ နိုင်ငံခြားရေးရာကော်မီတီကို ဗီဒီယိုအစည်းအဝေးအတွင်း ပြောဆိုလိုက်ပါတယ်။
မေလ ၂၅ ရက်က ကျင်းပတဲ့ အစည်းအဝေးမှာ ဒေါက်တာဆာဆာဟာ NUG အစိုးရရဲ့ ရည်မှန်းချက် (၄) ရပ်ကို ချပြလိုက်ပြီး၊ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတိုင်းကို သူ့အစိုးရရဲ့ ထီးရိပ်အောက်မှာ လာရောက်စုရုံးကြဖို့ ဖိတ်ခေါ်တယ်လို့ ပြောပါတယ်။
ပထမရည်မှန်းချက်ကတော့ စစ်အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို တခါတည်းနဲ့ အပြီးတိုင် လုံးဝဖျက်သိမ်းရေးလို့ ဒေါက်တာဆာဆာက ပြောကြားပါတယ်။
ဒုတိယရည်မှန်းချက်ကတော့ စစ်ဗိုလ်ချုပ်တွေအတွက် စစ်ဗိုလ်ချုပ်တွေဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝ ဖျက်သိမ်းရေး ဖြစ်ပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုအတွက် အခြေခံကျတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို လည်း ဖျက်သိမ်းဖို့ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
တတိယရည်မှန်းချက်ကတော့ မြန်မာပြည်သူအားလုံးအတွက် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ထောင်ခြင်းဖြစ်ပြီး စတုတ္ထအနေနဲ့ ပြည်သူ့အစိုးရ တရပ်ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုထားပါတယ်။