တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ဖောင်းတောကျေးရွာအုပ်စု မော်ကြီးကျေးရွာမှာ မေလ ၂၆ ရက်က ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ပြည်သူ ၄ ယောက်ကို စစ်တပ်က ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ရွာမှာ ကုန်စုံဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွဲဖွင့်ထားတဲ့ ဈေးဆိုင်မှာ ရွာသူ ရွာသားတွေ လက်ဖက်ရည်သောက်နေတုန်း စစ်တပ်က ရောက်ရှိလာပြီး ပြည်သူ ၄ ယောက်ကို ရိုက်နှက်ဖမ်းဆီးခဲ့သလို ဈေးဆိုင်မှာရှိတဲ့ အရက်ပုလင်းနဲ့ ပစ္စည်းတချို့ကို ယူဆောင်သွားတယ်လို့ ဒေသခံရွာသားတစ်ယောက်က ပြောပါတယ်။
ဆိုင်ကနေ ယူဆောင်သွားသောပစ္စည်းတွေကို ရွာသားတွေကို စစ်တပ်က အဓမ္မ ထမ်းခိုင်းခဲ့ပြီး စစ်ကောင်စီတပ်တွေက အနောက်ကနေ သေနတ်နဲ့ထောက်ကာ လိုက်သွားကြတယ်လို့ ဒေသခံရွာသားက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ မော်ကြီးကျေးရွာက ရွာသား ၃ ယောက်နဲ့ ဇာဒီကျေးရွာက ရွာသားတစ်ယောက်တို့ဖြစ်ကြပြီး သူတို့ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံစောင့်ကြည့်ခဲ့ကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ ညနေ ၃ နာရီလောက်အထိ ဖမ်းဆီးခံ ရွာသား ၄ ယောက်ဟာ ဖောင်းတောကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ထိန်းသိမ်းခံထားရပါတယ်။