စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ သံဘိုကျေးရွာသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက မေလ ၂၅ ရက် နေ့လည်ပိုင်းက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံရွာသားတစ်ဦးက “စစ်ကောင်စီတပ်ကရွာကို အလာဗျ ဘုန်းကြီးကျောင်းက ခိုင်းလိုက်တဲ့ ကလေးသုံးယောက်က ရွာကကားနဲ့အထွက်တွေ့ပြီး ဖမ်းသွားတယ်။ နောက်ထပ် ရွာထဲဆက်ဝင်လာပြီး ရွာသားနှစ်ယောက်နဲ့ ထိပ်တိုက်တွေ့တော့ ထပ်ဖမ်းသွားတယ်။ တချို့သူတွေကိုတော့ ရိုက်နှက်ဖမ်းသွားတယ်လို့တော့သိရတယ်ဗျ။ အားလုံး ၅ ယောက်ပေါ့။ သူတို့က စစ်ကားတွေအဝေးမှာရပ်ထားခဲ့ပြီး ရွာဘက်ကို ခြေလျင်လျှောက်လာကြတာ။ အရပ်ဝတ် လက်နက်ကိုင်တွေရော၊ ယူနီဖေါင်းတွေနဲ့ရော တော်တော်များတယ်။ နေ့လည် ၁ နာရီလောက်က ဝင်လာပြီး၊ ၂ နာရီလောက်ကြ ပြန်ထွက်သွားတယ်။ ရွာသူရွာသားအားလုံးနီးနီး ကတော့ ထွက်ပြေးကြရတာပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်တွေကလည်း စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးက ဒီကျေးရွာရဲ့ လုံခြုံရေးအတွက် စစ်တပ်ဝင်မှာဖြစ်ပြီး တားတာဆီးတာ လုံးဝမလုပ်ကြဖို့နဲ့ PSI စလောင်းတွေဖြုတ်ထားကြဖို့ မဖြုတ်ရင် ဒဏ်ငွေနဲ့ ထောင်ဒဏ်ချမှတ်မယ်လို့ အသံချဲ့စက်နဲ့ကြေညာခဲ့တယ်လို့ သိရပါတယ်။
သံဘိုကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်တာ ၄ ကြိမ်အထိရှိခဲ့ပြီး၊ ပထမဆုံးအကြိမ်ဝင်စဉ်ကလည်း လူငယ်နှစ်ယောက်ကို ဖမ်းဆီးစစ်မေးပြီး ပြန်လွှတ်ပေးခဲ့ပါတယ် ။ အခု ဒုတိယအကြိမ်မှာတော့ ရွာသား ၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။။