စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ အကြမ်းဖက်စစ်ကောင်စီက ဖွင့်လှစ်မယ့် စစ်ကျွန်ပညာရေးကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ကျောင်းသား မိဘဆရာ စုပေါင်းပြီး စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာမှာ ကျောင်းမတက်နဲ့ကျောင်းပျက်သပိတ်ကို မေလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။
CDM မှာပါဝင်တဲ့ ဆရာ/ဆရာမတွေကို အကြမ်းဖက်စစ်ကောင်စီခန့် ပညာရေးမှူးတွေက အမျိုးမျိုးဖိအားပေးနေတဲ့အပြင် အရေးယူနိုင်တဲ့ပုဒ်မတွေနဲ့ ခြိမ်းခြောက်တာတွေရှိနေတယ်လို့ ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်တဲ့ CDM ကျောင်းဆရာမတစ်ဦးကပြောပါတယ်။
ဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ မိမိတို့ရွေးချယ်လုပ်ဆောင်မှုကိုနောင်တမရပဲ အဆုံးထိ CDM လုပ်သွားမှာဖြစ်ကာ စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တော်လှန်သွားမယ်လို့လည်း ဆန္ဒပြတဲ့ ဆရာဆရာတွေက ပြောပါတယ်။
ဆန္ဒပြပွဲဟာ အင်အား ရာချီပါဝင်ပြီး လမ်းလျှောက်သပိတ်နဲ့ ရွာသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်းရှေ့မှာ ထိုင်သပိတ်တို့ကိုပြုလုပ်ခဲ့သလို Paper Strike သပိတ် လည်း လုပ်ဆောင်ခဲ့ကြပါတယ်။
လက်ရှိအချိန်ထိ ရွာသာကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ ကျောင်းအပ်လက်ခံမယ့် ဆရာ ဆရာမ လာရောက်တာမရှိသေးသလို မိဘတွေကလည်း မိမိတို့သားသမီးတွေကို ကျောင်းအပ်မှာမဟုတ်ကြောင်းနဲ့ ကျောင်းသား ကျောင်းသူလေးတွေကလည်း ပညာသင်ယူမှာမဟုတ်ဘူးလို့ ပြောပါတယ်။