အခြေခံပညာသင်ရိုးညွှန်းတန်းတွေမှာ စစ်ကျွန်ပညာရေးမပါရှိကြောင်း အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မေလ ၁၅ ရက် ဒီကနေ့မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှ ပြောကြားလိုက်ပါတယ်။
အခြေခံပညာသင်ရိုးညွှန်းတန်း မူလတန်းအဆင့် ကေဂျီသူငယ်တန်းဖတ်စာပါ သူငယ်ချင်း ၊ ပင်လုံ၊ တာဝန်ကိုယ်စီ ဆိုတဲ့ကဗျာတွေကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ရည်ညွှန်းဖတ်ပြပြောသွားပြီး အလယ်တန်းအဆင့် သတ္တမတန်းမှာ သင်ကြားရတဲ့ အခွင့်အရေးနဲ့တာဝန်သင်ခန်းစာ၊ သင်ရိုးသစ် Grade 11 ဘောဂဗေဒ သင်ခန်းစာတွေကိုလည်း ကိုးကား ပြောဆိုသွားပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကမ္ဘာမှာ အုပ်ချုပ်သူအစိုးရကို မကျေနပ်လို့ ပညာရေး ကိုတိုက်ခိုက်တယ်ဆိုတာ မရှိခဲ့ပါဘူး။ ပညာရေးနဲ့ ပတ်သက်လို့ ပိတ်ပင်တားဆီးတာတွေ၊ သင်ကြားရေးနဲ့ ပတ်သက်လို့ CDM လုပ်တာတွေဟာ တိုင်းဖျက်ပြည်ဖျက်လုပ်ငန်းတွေပဲဖြစ်တယ်လို့ ကျနော်ပြောလိုပါတယ်။ ဒီနေရာမှာ ဆူပူအကြမ်းဖက်သမားများလှုံ့ဆော်နေတဲ့ လက်ကိုင်စကားကတော့ စစ်ကျွန်ပညာရေးပဲဖြစ်ပါတယ်၊ ဘယ်အချက်အလက်တွေ ဘယ်သင်ခန်းစာတွေ ဘယ်ပို့ချက်ချက်တွေကို ရည်ညွှန်းပြီး စစ်ကျွန်ပညာရေးလို့ စွပ်စွဲတာလဲ။ ရှိရင် ထောက်ပြဖို့ ကျနော်ပြောလိုပါတယ်” လို့ပြောပါတယ်။
ဒို့တာဝန်၊ ဖက်ဒရယ်စနစ်နဲ့ တာဝန်ယူတာဝန်ခံမှုဆိုတာဘာလဲဆိုတာကို သူငယ်တန်းကလေး တွေကအစသင်ပေးနေကြောင်းနဲ့ စစ်ကောင်စီအနေနဲ့ အရင်အစိုးရတွေလက်ထက်က ချမှတ်ခဲ့တဲ့ အမျိုးသားပညာရေး မူဝါဒတွေအတိုင်း လိုက်နာကျင့်သုံးသင်ကြားပေးနေတာလို့လည်း ရှင်းလင်း ပြောကြားသွားပါတယ်။
လာမယ့် ဇွန်လ ၅ ရက် အခြေခံ ပညာကျောင်းတွေပြန်ဖွင့်တဲ့အခါ ကျောင်းသားတွေနဲ့ ဆရာတွေရဲ့ လုံခြုံရေးအတွက် ရဲနဲ့ စစ်တပ်အပြင် အရပ်ဘက်လုံခြုံရေးအဖွဲ့တွေကိုပါ အသုံးပြုသွားမယ်လို့လည်း စစ်ကောင်စီပြောခွင့်ရသူက ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံတဝန်းမှာ စစ်ကျွန်ပညာရေးဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ကျောင်းသူ ကျောင်းသားတွေ၊ ဆရာတွေနဲ့ ကျောင်းသားမိဘပြည်သူတွေက ပြုလုပ်နေကြတာဖြစ်ပြီး ပညာရေးဝန်ထမ်းတွေ အများအပြားကလည်း အာဏာဖီဆန် CDM လှုပ်ရှားမှုပြုလုပ်နေကြပါတယ်။