စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်း မေလ ၁၀ ရက် ည ၇ နာရီလောက်က စစ်ကောင်စီ အကြမ်းဖက်စစ်တပ်ကို တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မေလ ၁၀ ရက် မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ကံထူးမရွာထဲ ဝင်ရောက်ကာ ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်နှိပ်စက်တာ၊ နေအိမ်တွေကို ဖျက်ဆီးတာတွေ ကျူးလွန်းခဲ့လို့ သူတို့ အပြန်လမ်းမှာ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စီးနင်း တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
အကြမ်းဖက်စစ်တပ်အဖွဲ့ဝင်တွေအနေနဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ အပြစ်မဲ့ပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ၊ နှိပ်စက်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ ဓားပြတိုက်တာ၊ နေအိမ်နဲ့ ပစ္စည်းတွေဖျက်ဆီးတာနဲ့ ရပ်ရွာတွေ အတွင်းလက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်တာကို ရပ်တန်းကရပ်ကြဖို့နဲ့ ပြည်သူ့ထံမှောက် အလင်းဝင်ရောက်ကြဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့က တိုက်တွန်းထားပါတယ်။