အကြမ်းဖက် စစ်ကောင်စီရဲ့ မတရားလုပ်ဆောင်မှုတွေကို တုံ့ပြန်တော်လှန်ဖို့ ဗမာ့ အမျိုးသားတပ်မတော် ဖွဲ့စည်းကြောင်း ကြေညာလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် လူသားမဆန်စွာ သတ်ဖြတ်တာ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်တာ၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက့်ယှက် စော်ကားတာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ခြိမ်းခြောက်မှုတွေကို တုံ့ပြန်တော်လှန်ဖို့အတွက် ဗမာ့အမျိုးသားတပ်မတော် (Burma National Army) ကို ဖွဲ့စည်းကြောင်း မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။
အဲ့ဒီအဖွဲ့အစည်းကို ပြည်တွင်းပြည်ပက တိုင်းရင်းသားလူမျိုးပေါင်းစုံအပြင် အလွှာအသီးသီးက အင်အားစုတွေနဲ့ ပူးပေါင်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဗမာ့အမျိုးသားတပ်မတော်ရဲ့ အဓိက ရည်ရွယ်ချက်တွေကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး၊ အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်ရဲ့ တရားဝင်ခေါင်းဆောင်များအပါအဝင်၊ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ လွတ်မြောက်ရေး၊ ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီကို တုံ့ပြန်တော်လှန်ရေးနဲ့ ပြည်သူပြည်သားတွေကို ကာကွယ်ရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တွေ (EAOs)၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့အတူ တွဲလက်ညီညီ ပူးပေါင်းဆောင်ရွက်ရေး စတာတွေဖြစ်ပါတယ်။