အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်နှစ်ယောက်ကို အမိန့်မချသေးဘဲ ရုံးချိန်းထပ်ခေါ်တယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက ပြောပါတယ်။
မြိတ်မြို့အခြေစိုက် ဒီဗွီဘီသတင်းထောက်ကိုအောင်ကျော်နဲ့ ပြည်မြို့အခြေစိုက် ဒီဗွီဘီ သတင်းထောက် ကိုမင်းညိုတို့ကို အကြမ်းဖက်စစ်တပ်က မတ်လဆန်းမှာ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့တရားစွဲ ထားတာပါ။
သတင်းထောက်ကိုမင်းညိုကို မေလ ၅ ရက်နေ့မှာ ရုံးထုတ်ခဲ့ပြီး အမိန့်မချဖြစ်ဘဲ မေလ ၁၂ရက်နေ့ကို ရုံးချိန်းပြန်ခေါ်တယ်လို့ သူ့ရဲ့ ဇနီးဖြစ်သူ မညိုမီမိုးက ပြောပါတယ်။
အလားတူ သတင်းထောက်ကိုအောင်ကျော်ကိုလည်း မေလ ၄ ရက်က ရုံးချိန်းခေါ်ခဲ့ပေမယ့် မိသားစုနဲ့တွေ့ခွင့်မရသလို ရှေ့နေငှားလို့မရတဲ့အတွက် တရားခွင်မှာ ကိုအောင်ကျော်ကိုယ်တိုင်ကပဲ ပြန်ချေပခဲ့ရတယ်လို့ သူ့ရဲ့ဇနီး မနေခြည်မိုးထက်ကပြောပါတယ်။
နောက်ထပ်ရုံးချိန်းကိုတော့ မေလ ၁၁ ရက်နေ့မှာပြန်ခေါ်ထားပြီး မေလထဲမှာပဲ အမိန့်ချဖို့ရှိတယ်လို့ သိရပါတယ်။
သတင်းထောက် ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့ညမှာ အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာရောက်ပြီး နေအိမ်အထိဝင်ရောက် ရိုက်နှက်ဖမ်းဆီးခဲ့တာပါ။
သတင်းထောက် ကိုမင်းညိုကိုတော့ မတ်လ ၃ရက်က ပြည်မြို့မှာ ဆန္ဒပြပွဲ သတင်းယူနေစဉ် ရိုက်နှက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး စစ်ကြောရေးမှာလည်း ထပ်မံ နှိပ်စက်ရိုက်နှက် စစ်ဆေးတာ ခံခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာတစ်နိုင်ငံလုံးမှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ သတင်းသမားစုစုပေါင်း လေးဆယ်ကျော်ရှိနေပြီး ဒီဗွီဘီသတင်းထောက်တွေအပါအဝင် သတင်းမီဒီယာသမားတွေ အများပြားလည်း ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရတာရှိပါတယ်။