အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးလက်အောက်ပြန်ပို့တာဟာ ပြည်သူကို ပိုပြီးဒုက္ခပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ကို ပြန်လည်ပြောင်းရွှေ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက မေလ ၅ ရက်နေ့ရက်စွဲနဲ့ ကြေညာခဲ့တာပါ။
ခုလို ပြည်ထဲရေးလက်အောက်ထဲပြန်ထည့်လိုက်တာဟာ ပြည်သူကို ဖမ်းဆီးတရားစွဲ ဆိုတာတွေပြုလုပ်ရင် တရားလိုနေရာမှာ ရဲတွေနဲ့အတူထွေအုပ်တွေကို အသုံးပြုဖို့ဖြစ်တယ်လို့ ပြည်ထောင်စုရှေ့နေများနှင့်ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က သုံးသပ် ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ အုပ်ချုပ်ရေးယန္တရားအားလုံးကို သူတို့လက်အောက်ပြန်ရောက်အောင်၊ ပြည်သူတွေကိုပိုပြီးချုပ်ချယ်နိုင်အောင် ထွေအုပ်ကို ပြည်ထဲရေးအောက်ကို ပြန်ထည့်တာလို့လည်း ရန်ကုန်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးကပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းယုံမကဘဲ ဥပဒေတွေကို ပြင်ချင်တိုင်းပြင်တာ၊ ပြည်သူတွေကိုခြိမ်းခြောက်ဖို့ ထောင်ဒဏ်ငွေဒဏ်တွေ တိုးမြှင့်သတ်မှတ်တာတွေကို စစ်အုပ်စုက ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ဒီလုပ်ရပ်တွေကိုကြည့်ရင် စစ်ကောင်စီအာဏာစသိမ်းတုန်းက ပြောခဲ့တဲ့ ဒီမိုကရေစီဖော်ဆောင်မယ်၊ ရွေးကောက်ပွဲ ပြန်ကျင်းပပေးမယ်ဆိုတဲ့ ကတိဟာ လုံးဝမဖြစ်နိုင်ဘူးလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကနေ ပြည်ထောင်စုအစိုးရအ ဖွဲ့ရုံးဝန်ကြီးဌာန အောက်ကို ပြောင်းရွှေ့ထည့်သွင်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာမှာ ခုလို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနအောက်ကို ပြန်လည်ပြောင်းရွေ့လိုက်တာဖြစ်ပါတယ်။