ဧရာဝတီတိုင်း ပုသိမ်မြို့၊ အမှတ် ၇ ရပ်ကွက်မှာ မေ ၆ ရက် မနက်ပိုင်းက ဆန္ဒပြရာမှာ ပါဝင်တယ်ဆိုပြီး လူငယ် ၁ ဦးကို ရဲနဲ့စစ်တပ်က ဝင်ဖမ်းရာ မတွေ့တာကြောင့် မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
မနက် ၉ နာရီလောက်က ဝက်သတ်ချောင်ထဲကနေအိမ်မှာ ဝင်ရောက်ရှာဖွေခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်အိအိနွေးနဲ့ အစ်ကိုဖြစ်သူ ကိုနေဇင်အောင်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ပတ်ဝန်းကျင်နေထိုင်သူတွေက ပြောပါတယ်။
"ရဲရော စစ်သားရောပါတယ်။ အင်အားများတယ်၊ လမ်းထဲဝင်ရှာတာ အဲဒီကောင်လေးကို မတွေ့တော့ သူအမေနဲ့ အစ်ကို ကို ဖမ်းသွားတယ်။ ဖုန်း ၃ လုံးကိုလည်း သိမ်းသွားတယ်'' လို့ ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ရဲနဲ့စစ်တပ်က ပြည်သူ ၈ ဦးကို ပစ်သတ်ခဲ့ပြီး ဖမ်းဆီးခံရသူ အယောက် ၅၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။