မြန်မာနိုင်ငံအခြေစိုက် တယ်လီနောမြန်မာကုမ္ပဏီအနေနဲ့ ၂၀၂၁ ပထမ ၃ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၈၃ သန်းလောက် ဆုံးရှုံးခဲ့လိမ့်မယ်လို ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
စီးပွားရေးလုပ်ငန်းအခြေအနေ အလားအလာတွေ ဆိုးရွားလာနေတာရယ် လုံခြုံရေးနဲ့ လူ့အခွင့်အရေး အခြေအနေ ယိုယွင်းလာတာတွေကြောင့် ရှေ့ဆက်ပြီး တိုးတက်လာနိုင်မယ့် အလားအလာ ကန့်သတ်ချက်တွေ မြင််တွေ့နေရတယ်လို့ တယ်လီနောကုမ္ပဏီ အကြီးအကဲ Sigve Brekke က ပြောဆိုပါတယ်။
ပုံမှန်မဟုတ်တဲ့ မသေမချာအခြေအနေတွေကို အကြီးအကျယ် စိုးရိမ်နေတယ်လို့လည်း သူကပြောပါတယ်။ ကုမ္ပဏီအနေနဲ့ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့တကွ တယ်လီနောအသုံးပြုသူတွေရဲ့ ဝန်ဆောင်မှုတွေကို အာရုံစိုက်ထားပြီး ပွင့်လင်းမြင်သာမှုကို ဆက်လက်ကျင့်သုံးနေမယ်လို့ ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အချိန်အကန့်အသတ်နဲ့ အင်တာနက်ဖြတ်တောက်မှုတွေရှိခဲ့ပြီး မတ်လ ၁၅ ရက်နေ့ကစပြီး မိုဘိုင်းလ်အင်တာနက်တွေ ဖြတ်တောက်ခံခဲ့ရပါတယ်။
ဒါကြောင့် တယ်လီနောရဲ့ အင်တာနက်အသုံးပြုမှုကရတဲ့ ဝင်ငွေထက်ဝက်လောက် ကျဆင်းခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာတယ်လီနော အသုံးပြုသူဟာ ပြီးခဲ့တဲ့ ၃ လပတ်အတွင်း ၂ သန်းတိုးလာခဲ့ပြီး စုစုပေါင်း ၁၈ သန်းကျော်ရှိလာတယ်လို့ ဖေါ်ပြထားပါတယ်။