စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ အမှုဖွင့်ခဲ့ပြီး ဧပြီ ၂၇ ရက်မှာ တရားလိုပြသက်သေကို စစ်ဆေးခဲ့ပါတယ်။
မြစ်ကြီးနားနယ်မြေရဲစခန်းက စခန်းမှူး ကျော်ဇေယျက တရားလိုပြုလုပ်ကာ အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင်းတရားရုံးမှာ အမှုစစ်ဆေးခဲ့တာလို့ အဲ့ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေကပြောပါတယ်။
”တရားလိုပြသက်သေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်ကြီးအောင်ကိုခန့်ကို စစ်ဆေးတယ်။ သူတို့တပ်မှာ ထွက်ထားတဲ့စစ်ကြောချက်ကို သက်သေခံသွင်းတယ်။ သက်သေခံကို ကျနော်တို့က စွပ်စွဲခံရသူဘက်က ကန့်ကွက်တဲ့အတွက် နှစ်ဖက်လျှောက်လဲချက်တွေကို ကြားနာပြီး ရုံးကသက်သေခံအဖြစ်လက်ခံလိုက်တဲ့အတွက် အဲ့ဒီအမိန့်အပေါ်ကိုကျေနပ်မှုမရှိလို့ ခရိုင်ရုံးကို ပြန်တက်ဖို့ဆောင်ရွက်နေတယ်” ပြောပါတယ်။
အမှုစစ်ဆေးမှုမပြီးဆုံးတဲ့အတွက် မေလ ၄ ရက်နေ့ကို ရုံးချိန်းပြန်ချိန်းဆိုထားတယ်လို့ လည်းသိရပါတယ်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ဟာ ရွေးကောက်ပွဲကာလ ၂၀၂၀ အောက်တိုဘာ ၁၇ ရက်နေ့က ယုဇနရပ်ကွက်က မြို့နယ်အန်အယ်လ်ဒီပါတီရုံးရှေ့ကနေ ကား၊ ဆိုင်ကယ်၊ စက်ဘီးတွေနဲ့ မဲဆွယ်လှည့်လည်လာတဲ့ အန်အယ်လ်ပါတီဝင်တွေကို လက်ပြနှုတ်ဆက်ခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၂၅)နဲ့ တရားစွဲခံရတာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်အပြင် ငွေဒဏ်ပါကျခံရနိုင်တာဖြစ်ပါတယ်။