စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာမှာ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကို ရဲနဲ့ စစ်တပ်က ဧပြီ ၂၅ ရက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ နေ့လည်ပိုင်းမှာ ရွာကတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေဖြစ်တဲ့ ကိုဖိုးတုတ်နဲ့ ကိုကျော်စွာလင်းတို့ကို အရပ်ဝတ်ရဲနဲ့ စစ်တပ်က အိမ်စီးကားနဲ့ လာရောက်ဖမ်းဆီးသွားပြီး ကန့်ဘလူမြို့မ အချုပ်ခန်းကိုပို့ လိုက်ကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ ဧပြီ ၃ ရက်ကလည်း အဲ့ဒီကျေးရွာမှာပဲ တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်တွေကို ရဲနဲ့စစ်တပ်က ဝင်ရှာခဲ့ပေမဲ့ ဖမ်းဆီးခံရသူမရှိဘဲ ရှောင်တိမ်းနေသူတွေရဲ့ အိမ်တွေက ပိုက်ဆံတွေ ယူသွားတာမျိုးတွေ ရှိခဲ့ပါတယ်။
အခုလို ရွာမှာဝင်ရှာခံရတာနဲ့ အဖမ်းခံလိုက်ရတာတွေဟာ ဒလန်တစ်ဦးကြောင့်ဖြစ်ပြီး အဆိုပါ ဒလန်ဟာ ရွာမှာ မနေတော့ဘဲ ရဲစခန်းမှာ သွားရောက်ခိုလှုံနေကြောင်းနဲ့ ရွာသားတွေကို လာဖမ်းဆီးတဲ့အချိန်တိုင်း ရဲနဲ့အတူလိုက်ပါလာလေ့ရှိတယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။