ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့က CDM လုပ်ထားတဲ့ ဆရာမအိမ်ကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၂၃ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ လာဝိုင်းပြီး ဆရာမအပါအဝင် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
မိုးမိတ်မြို့မှာ ဧပြီလ ၂၃ ရက်နေ့မှာ ကျောင်းအုပ်တွေကအစည်းဝေးလုပ်ပြီး CDM မလုပ်ဖို့ဖိအားပေးပြီး CDM လုပ်ပါက ၅၀၅နဲ့ ဖမ်းမယ်လို့ခြိမ်းခြောက်တာမျိုးတွေရှိခဲ့ပြီးနောက် ညပိုင်းမှာ လာရောက်ဖမ်းဆီးတာဖြစ်ပါတယ်။
ဒေါ်သန္တာမြင့် (မူလတန်းပြ ဆရာမ) နဲ့ ဒေါ်အေးစုမွန် (အထွေထွေ)၊ ကိုသက်ဦးပိုင် (အထက်တန်းပြ - ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း) တို့ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ကိုသက်ပိုင်ဦးကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားပြီး နေရာမှာ သွေးတွေအိုင်ကျန်နေခဲ့တယ်လို့ သိရပါတယ်။
မိုးမိတ်မြို့မှာ ဆန္ဒပြ ပြည်သူ ၅ ဦးကိုလည်း အကြမ်းဖက်စစ်တပ်က မတ်လ ကဖ မ်းဆီးပြီးနောက် အိုးဘိုထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။