မွန်ပြည်နယ်၊ ရေးမြို့နယ်က ထွက်ရှိတဲ့ သံပုရာသီး စျေးကွက်မှာ အခုအချိန်ဟာ ဈေးကောင်းရရှိရမယ့်ရာသီကာလ ဖြစ်ပေမယ့် သံပုရာသီး ဈေးနှုန်းတွေ ထက်ဝက်ကျော်လောက် ကျဆင်းလာနေတယ်လို့ စိုက်ပျိုးတောင်သူတွေက ပြောပါတယ်။
သံပုရာသီး ဒေသပေါက်ဈေးမှာ ယခင်နှစ်က အခုလို ရာသီအချိန်မှာဆို ပေါက်ဈေး ရှယ်သီးဈေးက တစ်လုံးကို ကျပ် ၁၀၀ လောက်ရပေမယ့် အခုလို စစ်အာဏာသိမ်းပြီးနောက် ယနေ့ပေါက်ဈေး တစ်လုံးကို ၃၂ ကျပ်သာရရှိတယ်လို့ စိုက်ပျိုး တောင်သူတွေက ပြောပါတယ်။
သံပုရာသီးတင်ပို့မှုလည်း အခုရာသီချိန်မှာ သံပုရာသီးကုန်ကြမ်းတွေ ဝင်ရောက်လာနေ ပေမယ့် အရောင်းအဝယ်က အေးနေပြီး သံပုရာသီး တင်ပို့မှုက ကျဆင်းလာနေတယ်လို့ ဒေသခံ သံပုရာသီးကုန်သည် တစ်ဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ သံပုရာသီးစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စိုက်ပျိုးရေးလုပ်ငန်းအနေနဲ့ စိုက်ပျိုးကြပြီးတော့ သံပုရာသီးထွက်ရှိမှုက တစ်ရာသီမှာ အလုံးရေ သန်း နဲ့ ချီရှိတယ်လို့ ဆိုပါတယ်။