မွန်ပြည်နယ်၊ သံဖြူရပ်မြို့မှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ ကျောင်းဆရာမ ၁ ဦးရဲ့ မိသားစုဝင် ၃ ဦးကို အကြမ်းဖက် စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာမ ဒေါ်ခိုင်ပန်းဝတ်ရည်ကို အကြမ်းဖက် စစ်အုပ်စုက ဇန်နဝါရီ ၁၉ ရက်နေ့မှာ သံဖြူဇရပ်မြို့က သူ့ရဲ့ဆိုင်နဲ့ နေအိမ်တွေမှာ ဖမ်းဆီးဖို့ လာရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဖမ်းဆီးဖို့ လာရောက် ရှာဖွေရာမှာ ကျောင်းဆရာမကို မတွေ့တဲ့အတွက်ကြောင့် ကျောင်းဆရာမရဲ့ တူနဲ့ တူမ အပါအဝင် အဒေါ်ဖြစ်သူတွေကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။
ဒါအပြင် ၁၉ ရက်နေ့မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားကိုထောက်ခံတဲ့ သံဖြူဇရပ်မြို့ခံ ဓာတ်ပုံသမား ကိုသီဟစိုးနဲ့ ဇနီးဖြစ်သူ အပါအဝင် ၃ လအရွယ်ကလေးငယ်ကိုလည်း စစ်အုပ်စုကထပ်မံ ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။