ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် တကသကျောင်းသားဟောင်းတွေဖြစ်တဲ့ မရွှေရူပါလင်း၊ ကိုလင်းထက်၊ ကိုကျော်မင်းထွန်းနဲ့ ကိုစိုးထက်ဦးတို့ ၄ ဦးကို ဒီကနေ့ ဧပြီ ၁၇ မနက်ပိုင်းက ရန်ကုန် အလုံမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပါတယ်။
ကျောင်းသားတွေကို ဘာကြောင့် ဘယ်ကို ဖမ်းဆီးခေါ်ဆောင်သွားသလဲဆိုတာကိုတော့ မသိရသေးပါဘူး
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်ညနေကလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ခန့်သူအောင်၊ ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ဖြိုးကျော့နိုင်၊ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း မင်းဟိန်းခန့်နဲ့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဘဏ္ဍာရေးမှူး မယဉ်မြတ်နိုးဦး တို့ ၄ ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။
ဒီကနေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသား၊ အကျဉ်းသူ နှစ်သောင်းကျော်လွှတ်ပေးရာမှာတော့ ပြီးခဲ့တဲ့နှစ်ကတည်းက စစ်တပ်က တရားစွဲဆို ထောင်ချခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်းတို့ ၃ ဦး ပြန်လွတ်မြောက်လာတယ်လို့ မိသားစုဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။