မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ရွှေမန်းတောင် ဂေါက်ကွင်း အနောက်ဘက် ၃ လမ်း ၇၃ လမ်းနဲ့ ၇၆ လမ်းကြား မြောက်နွားခြံကုန်းမှာ ဧပြီ ၁၃ ရက် မနက် ၄ နာရီလောက်က မီးလောင်ခဲ့ပြီး နေအိမ် ၂၁ လုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပေမယ့် ရပ်ကွက်နေပြည်သူတွေ ကတော့ ပေါ့ဆမီးကြောင့်မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။
"မီးစလောင်တဲ့အိမ် နောက်ဘက် အပေါ်ထပ် သွပ်အမိုးပေါ်ကို ပစ္စည်းတစ်ခုကျလာတာ ဘုန်းကနဲ အသံမြည်သွားပြီး နီရဲသွားတယ်။ သွပ်မိုးအောက်က ထုပ်တန်းပြတ်သွားပြီး မီးခိုးမှိုင်းမရှိတော့ မီးလောင်စေတဲ့ ပစ္စည်းက အပေါ်က ကျလာတာ။ မီးပေါ့ဆမှုက လောင်တာ မဖြစ်နိုင်တော့ ဒါက သံသယရှိစရာပါ။” လို့ ရပ်ကွက်နေသူ တစ်ဦး ကပြောပါတယ်။
မီးလောင်မှုကြောင့် အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၆၆ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး ရပ်ကွက်ဓမ္မာရုံမှာ ကယ်ဆယ်စခန်းဖွင့်ထားပါတယ်။