ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဖမ်းဆီးရမိကြောင်းနဲ့ ဆိုင်းဆရာ စိန်ဒူးဝါး အပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက် ၂၀ ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့မီဒီယာတွေက ဧပြီ ၉ ရက်ညမှာ ထပ်မံ ကြေညာပါတယ်။
ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ဒီကနေ့ ညနေက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ သူတို့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တာလို့ MRTV နဲ့ မြဝတီ ရုပ်သံတွေကနေ ဒီကနေ့ည ၈ နာရီသတင်းမှာ ထုတ်လွှင့်ကြေညာသွားတာပါ။ ဒီသတင်းနဲ့ ပတ်သက်လို့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
ဒီကနေ့ အမှုဖွင့်ခံထားရသူတွေ အယောက် ၂၀ အထဲမှာတော့ စိန်ဒူးဝါး-မင်္ဂလာဆိုင်း၊ သန်းသန်းနွယ်၊ ရွှေဝတ်မှုံ၊ အောင်ကျော်စိုး၊ အေးမေ၊ ချစ်ရီလှိုင်၊ တင်ဝင်းစိုး ( စင်ကာပူ) ၊ ပြည့်ဝထွန်း (ဂွစာ)၊ ဉာဏ်လှိုင်၊ အောင်ငြိမ်းကျော်၊ ရန်ပိုင်ဦး၊ အောင်မင်း၊ သီသီအောင်၊ မျိုးထိုက်တန်သိန်း၊ ပြည့်ဖြိုးသူ၊ ဝင်းဇော်၊ တင်ဖေ၊ သက်ထွန်း၊ ဇေယျာ (ဇေယျာနွေဦး) ၊ အောင်ရဲပြည့်တို့ ပါဝင်ပါတယ်။
အလားတူ ထင်ရှားတဲ့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ၊ ရုပ်ရှင်ဒါရိုက်တာတွေ၊ မော်ဒယ်တွေ အနုပညာရှင်တွေနဲ့ အွန်လိုင်းမှာလူသိများသူတွေ အပါအဝင် ဒီကနေ့အထိ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူခံထားရသူပေါင်း အယောက် ၁၅၀ လောက် ရှိသွားပြီဖြစ်ပါတယ်။
Photo- Credit