Home
မြန်မာသတင်း
ကျောက်မဲ အေးရှားဝေါလ်တိုးဂိတ်ပေါက်ကွဲမှုဖြစ်၊ ဝန်ထမ်း ၃ ဦး ဒဏ်ရာရ
DVB
·
April 6, 2021
168930537_2513569848789284_7831334715197165822_n

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့အဝင် အေးရှားဝေါလ်တိုးဂိတ်မှာ ဧပြီ ၆ ရက် မနေ့ည ၇ နာရီကျော်လောက်က  ပေါက်ကွဲမှုဖြစ်ပွားပြီး  ဝန်ထမ်း ၃ ဦး ထိမှန်ဒဏ်ရာရသွားပါတယ်။ 

သီပေါမြို့ကနေ ကျောက်မဲအဝင် တိုးဂိတ်မှာ လူနှစ်ယောက် ဆိုင်ကယ်နဲ့ဖြတ်လာပြီး ပေါက်ကွဲစေတဲ့အရာနဲ့ ပစ်ပေါက်သွားတာလို့ ကြားသိရကြောင်း ကျောက်မဲမြို့ခံ  ကျောက်မဲဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ပြောပါတယ်။ 

“မနေ့ည ၇ နာရီကျော်လောက်က ကျနော်တို့အိမ်ထဲမှာထမင်းစားနေတုန်း ပေါက်ကွဲသံ အကျယ်ကြီးတစ်ချက်ကြားရတယ်။ အပြင်ထွက်ကြည့်တော့ ဘာမှမတွေ့ဘူး။ ဒါနဲ့ အသိတွေ လှမ်းမေးတော့  တိုးဂိတ်မှာပေါက်ကွဲမှုဖြစ်တာတဲ့၊  ဝန်ထမ်း ၃ ယောက်ဒဏ်ရာရတယ်။ ဒဏ်ရာ မစိုးရိမ်ရဘူး။ ပြီးတော့ အဲဒီမတိုင်ခင် လူ နှစ်ယောက်က ဆိုင်ကယ်စီးလာပြီး ပစ်ပေါက်သွားတယ် လို့ပြောတယ် အဲလောက်ပဲ သိရတယ်ခင်ဗျ။ ကျနော်တို့ဆီမှာ မာရှယ်လောထုတ်ထားတော့ အဲဒီ နေရာကို သွားမကြည့်ဖြစ်ပါဘူး။ အသိတွေပို့ပေးတဲ့ ပုံထဲမှာတော့ တော်တော်ပျက်စီးသွား တာတွေ့တယ်။ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးလည်း ပျက်စီးတယ်တဲ့။”

ပေါက်ကွဲမှုကြောင့် ပိုင်ရှင်တဦးတည်းရဲ့  ကား ၂ စီး လည်း ထိခိုက်ပျက်စီးသွားပြီး  ကားမောင်းသမားတွေကတော့ ဒဏ်ရာ မစိုးရိမ်ရပေမယ့် တယောက်ကတော့ ပြင်ဦးလွင် ဆေးရုံကိုပို့ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁၂ ဘီးတစ်စီး မီးလောင်သွားသလို  ပေါက်ကွဲမှုကြောင့် အစအန မှန်ပြီး လေကာမှန်ကွဲသွားတဲ့ ကားက ၁၅ စီး လောက်ရှိပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ အရေအတွက်နဲ့ ပျက်စီးဆုံးရှုံးမှု ပမာဏကို လတ်တလော မသိရသေးပါဘူး။

ကျောက်မဲမြို့နယ်ထဲမှာ လက်နက်ကိုင်အဖွဲ့တွေများတဲ့အတွက်  အဆိုပါတိုးဂိတ်လုံခြုံရေး ကို နဂိုကတည်းက စစ်တပ်က လုံခြုံရေးယူပေးနေတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် အင်အားတွေပိုချထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။  Photo Credit- မူရင်းပိုင်ရှင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024