ဗိုလ်ချုပ်အောင်ဆန်းသာ အသက်ရှိနေပါက ဒေါ်အောင်ဆန်းစုကြည်ကို “မိုက်လိုက်တာ ငါ့သမီးရယ်”ဟု ပြောကြားမှာ ဖြစ်တယ်လို့ ဧပြီ ၄ ရက်က စစ်ကောင်စီပြန်ကြားဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CNNသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းရာမှာ ပြောဆိုလိုက်ပါတယ်။
ထိုသို့ တွေ့ဆုံစဉ် CNN သတင်းထောက်က “အနောက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေ့ပါတယ်၊ တကယ်လို့ ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ အသက်ရှင်နေသေးတယ်ဆိုရင် လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ကိစ္စ တွေကို သူဘယ်လိုမြင်ရခံစားရနိုင်တယ်လို့ ထင်ပါသလဲ” လို့ နောက်ဆုံးမေးခွန်အနေနဲ့ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ဗိုလ်ချုပ်အောင်ဆန်းဆိုတာကတော့ သွေးသားတော်စပ်မှုအရတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တယ်။ သမိုင်းကြောင်းတော်စပ်မှုအရတော့ တပ်မတော်ရဲ့ ဖခင်ဖြစ်တယ်။ ကျနော်တို့ရဲ့ ဖခင်။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်လိုပဲပြောပြော ဗိုလ်ချုပ်အောင်ဆန်းကို ယခင်ကအတိုင်း တပ်မတော်ရဲ့ဖခင် နိုင်ငံတော်ရဲ့ဖခင်အဖြစ် ကျနော်တို့ တပ်မတော်သားတွေရဲ့ ရင်ထဲမှာရှိပြီး ဖြစ်တယ်။ ကျနော်မြင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်း အခုအချိန်မှာသာရှိရင် ပေါ့နော် ကျနော်ခံစားကြည့်တာ ဗိုလ်ချုပ်အောင်ဆန်းက ဒီအဖြစ်အပျက်တွေကြည့်ပြီးတော့ကျ ပြောမယ့်စကားတခွန်းပဲရှိတယ်လို့ထင်တယ်။ မိုက်လိုက်တာ ငါ့သမီးရယ်လို့ပဲ ပြောမယ်လို့ပဲ ထင်တယ်။ ဒါပါပဲ။”လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဘာလို့ အဲလိုပြောတယ်လို့ ထင်ပါသလဲလို့ သတင်းထောက်ကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မေးခွန်းပြန်ထုတ်လိုက်ပြီး သတင်းထောက်က ဆက်ပြောခိုင်တဲ့အခါ “ ကျနော်တို့အခုအချိန်မှာ ကျနော်တို့ကို ကန့်ကွက်နေတဲ့ အန်အယ်လ်ဒီဘက်က ကန့်ကွက်နေတဲ့ပေါ့နော် ကျနော်တို့ အခြေခံ ဥပဒေပုဒ်မထဲမှာပါတဲ့ ဥပဒေပုဒ်မ ၅၉ (စ) ဟာ ဘာတွေရေးထားတုန်းကျ ဒီနိုင်ငံတော်မှာ သမ္မတ၊ ဒုသမ္မတတွေ နိုင်ငံတော်အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရည်အချင်းသည် သူရဲ့ သားသမီး တစ်ဦးဦးသော်လည်းကောင်း ဇနီးခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားသားမဖြစ်စေရ၊ နိုင်ငံခြားဩဇာခံ မဖြစ်စေရဆိုတာပါတယ်။ ဒါကျနော်တို့ တီထွင်ခဲ့တဲ့ဟာမဟုတ်ဘူး။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကတည်းက ပါပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ဗိုလ်ချုပ်အောင်ဆန်းက ဦးစီးရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲလိုပဲပြောလိမ့်မယ်လို့ ကျနော်ထင်ပါတယ် ဒါအကြောင်းတစ်ခုပေါ့ ”လို့ ပြောကြားခဲ့ပါတယ်။
၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၅)၊ ပုဒ်မ ၄၉ (က) ပါ သမ္မတအရည်အချင်း သတ်မှတ်ချက်မှာ သမ္မတဟာ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ နှစ်ပါးသော်လည်းကောင်း ပြည်ထောင်စုနိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားခဲ့၍ ပြည်ထောင်စုနိုင်ငံသားဖြစ်ရမယ်လို့ပဲ ပါရှိတာဖြစ်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြောသလို သမ္မတရဲ့ သားသမီးတွေနဲ့ ဇနီး၊ ခင်ပွန်းတွေ နိုင်ငံခြားသားမဖြစ်စေရလို့ ထည့်သွင်းရေးသား ပြဋ္ဌာန်းထားတာ မရှိပါဘူး။