အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးမြအေးကို ဒီကနေ့ မင်္ဂလာတောင်ညွန့်မြို့နယ် တရားရုံးထုတ်မှာ ပုဒ်မ ၅၀၅(ဂ) နဲ့ အမှုတပ်လိုက်တယ်ပါတယ်။
ဦးမြအေးရဲ့ ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်တဉ္ဇာဦးက ဒီကနေ့တရားရုံးမှာ ရှေ့နေပါဝါတင်ခွင့်ရခဲ့ပြီး ဦးမြအေးကတော့ ကျန်းကျန်းမာမာရှိနေတယ်လို့ သူနဲ့ နီးစပ်သူ တစ်ဦးက ဆိုပါတယ်။
ဦးမြအေးကို ဖမ်းဆီးပြီး ၂ လအကြာမှသာ ၅၀၅(ဂ) ပုဒ်မတပ်လိုက်တာဖြစ်တယ်လို့ သူရဲ့ သမီးငယ်ဖြစ်သူ မဝတ်ရည်ရနံ့ကလည်း လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
“ပုဒ်မတွေကို ကံစမ်းမဲနှိုက်သလိုမျိုး ရရာကောက်တပ်နေတဲ့အချိန်မှာတော့ ဖေဖေ့ကို ဒီလိုယုတ္တိမရှိတဲ့ဟာနဲ့ တရားစွဲတယ်ဆိုတာကလည်းမထူးဆန်းပါဘူး” လို့ ဆိုပါတယ်။
ပုဒ်မ ၅၀၅(ဂ)ဆိုတာကတော့ လူအမျိုးအစားအချင်းချင်းဖြစ်စေ၊ လူအမျိုးစုအချင်းချင်းဖြစ်စေ၊ တဘက်နှင့် တဘက်ပြစ်မှု ကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင်၊ သို့တည်းမဟုတ် အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင် ထိုသူ့ကို ၂ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ဥပဒေမှာဖော်ပြထားပါတယ်။
ဦးမြအေးဟာ လက်ရှိမှာ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစု (FDF) ရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။