ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာက အမျိုးသားဒီမိုကရေစီပါတီဝင် အမျိုးသား ၂ ဦးကို မတ်လ ၂၄ ရက် ညနေ ၄ နာရီခွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ငြိမ်းချမ်းသာယာ ကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ကိုကျော်မျိုးဦး (ခ) ကိုမျိုး နဲ့ ဦးမောင်ဌေး တို့ဖြစ်ပါတယ်။
ကိုကျော်မျိုးဦး ရဲ့ ဇနီး ဒေါ်ခင်စန်းတင့်က "ကျမတို့အိမ်ထဲကို ဇွတ်အတင်းဝင်လာတယ်။ အခန်းထဲအထိ သေတ္တာတွေထဲပါ ထမိန်က မကျန် အကုန်ရှာပါတယ်။ ရှာပြီးတော့ ကျမယောကျ်ားကို လက်ထိပ်ခတ်ပြီး တစ်ခါတည်း ကား၆ စီးနဲ့ ခေါ်သွားပါတယ်”လို့ ပြောပါတယ်။
ကိုကျော်မျိုးဦး (ခ)ကိုမျိုး မှာ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ် စည်းရုံးရေးမှူးဖြစ်ပြီး ဦးမောင်ဌေးကတော့ လုံးခင်းကျေးရွာအုပ်စု အလုပ်အမှုဆောင်တစ်ဦးဖြစ်ကာ သူတို့နှစ်ဦးကို တစ်ချိန်တည်းမှာပဲ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ဒေါ်ခင်စန်းတင့်က ပြောပါတယ်။
ကိုကျော်မျိုးဦး (ခ)ကိုမျိုးရဲ့အိမ်မှာတွေ့တဲ့ ကြွေးကြော်သံစာရွက်တွေ ဘတ်ဂွတွေကိုလည်း စစ်တပ်နဲ့ရဲတွေက သိမ်းဆည်းသွားခဲ့ပါတယ်။
အရင်က ညပိုင်းအချိန်တွေမှာ စစ်တပ်နဲ့ရဲကနှစ်ကြိမ်တိုင်တိုင် လာရောက်ဝိုင်းခဲ့တာတွေရှိပြီး ရှောင်တိမ်းနေလို့ ဖမ်းဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။