စစ်တပ်ရဲ့အာဏာသိမ်းမှုကိုလက်မခံတဲ့ စစ်အာဏာရှင်အလိုမရှိကြောင်းရေးသားဖော်ပြခဲ့တဲ့ ကြံခင်းမြို့က ရဲ ၂ ဦး ထောင်ဒဏ် ၁ နှစ်စီ ပြစ်ဒဏ် ချမှတ်ခဲ့ပေမယ့် မိဘတွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ သိရပါတယ်။
ရဲ ၂ ဦးကို ပုသိမ်အကျဥ်းထောင်မှာ ထောင်ချထားတာဖြစ်ပြီး မိဘတွေက စုံစမ်းသိရလို့ လိုက်လာခဲ့ပေမယ့် သား ၂ ဦးနဲ့တွေ့ခွင့်မရဘူးလို့ ဖခင်ဖြစ်သူ ဦးသန့်စင်က DVB ကိုပြောပါတယ်။
"ထောင်ချတုန်းက အသိမပေးဘူး နောက်မှသိရတာ လိုက်သွားတော့ ကလေးတွေနဲ့ တွေ့ခွင့်မပေးဘူး၊ ပါသွားတဲ့ပစ္စည်းတွေကို လက်မှတ်ထိုးပြီး ပေးခဲ့ရတယ်။ ဘယ်တော့ တွေ့ရမယ်ဆိုတာ မသိသေးပါဘူး''လို့ ပြောပါတယ်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် သား ၂ ဦးကို ရေကြည်မြို့နယ်ရဲမှူးက လာစစ်ဆေးပြီး ရဲချုပ်ရဲ့ အတည်ပြုချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ်ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ခုလို ထောင်ဒဏ်ချမှတ်လိုက်လို့ အာဏာရှင် အလိုကျပြိုလဲသွားမှာ မဟုတ်သလို သား ၂ ဦးလုံးက အာဏာရှင်စနစ်ကို တော်လှန်ခဲ့လို့ ခုလို ထောင်ဒဏ်ချမှတ်ခံရတဲ့အပေါ် ဂုဏ် ယူတယ်လို့ မိဘနှစ်ဦးက ပြောပါတယ်။
သားအကြီးဖြစ်တဲ့ ရဲတပ်သား သူရိန်လင်းက ရဲလုပ်သက် ၇ နှစ်ရှိနေပြီး သားအငယ်ရဲဒုတပ်ကြပ် တာရာလင်းက ရဲလုပ်သက် ၄ နှစ်ရှိနေဖြစ်ကာ ဒုရဲအုပ်စာမေးပွဲဖြေဆိုဖို့အတွက် ဖောင်တင်ထားသူလည်း ဖြစ်ပါတယ်။
ခုလို အာဏာရှင်စနစ် အလိုမရှိ၊ အာဏာရှင်ဖိနှိပ်မှု ပြည်သူဘက်က ကာကွယ်မယ့်အကြောင်း စာတင်တာနဲ့ ပတ်သက်ပြီး ကြံခင်းမြို့မ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ အရေးယူခဲ့တာလို့ သိရပါတယ်။