ရန်ကုန် အင်းစိန်မြို့နယ် ကမ်းနား၊ ပေါက်တောဝအပါအဝင် ရပ်ကွက်တွေထဲကို ညဘက်ပိုင်း အကြမ်းဖက်စစ်တပ်နဲ့ရဲက ဝင်ရောက်ပြီး ရှာဖွေတာတွေ၊ ရိုက်နှက်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် နယ်မြို့တွေကနေ လာရောက် အလုပ်လုပ်ကိုင်သူအတော်များများ နေရပ်ပြန်နေကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းဘက်ကနေ အင်းစိန်ကမ်းနားမှာ လာရောက်နေထိုင်ပြီး သစ်သီးတွေ ရောင်းချနေတဲ့ဈေးသည်တဦးက ညစဉ် အကြမ်းဖက် စစ်တပ်နဲ့ ရဲတွေက လက်နက်တွေကိုင်ပြီး ရပ်ကွက်လမ်းတွေထဲ ဝင်ရောက်နေတာကြောင့် အခုလို နေရပ်ပြန်ကုန်ကြတာလို့ ပြောပါတယ်။
“ဒီမှာက ဧရာဝတီတိုင်းဘက်ကနေ လာကြတာများတယ်။ စက်ရုံ အလုပ်သမားတွေလည်းရှိတယ်၊ ဈေးရောင်းတဲ့သူတွေ အစုံပဲ လာနေကြတာ။ အခုက ညတိုင်းလိုလို ဝင်လာနေတော့ ကြောက်ကြတာပေါ့။ ကျနော်ကတော့ အဖမ်းမခံဘူး၊ အိမ်ပေါ်တက်လာလို့ကတော့ သူသေကိုယ်သေ ဓားနဲ့ ခုတ်သတ်မှာပဲ။”
မတ် ၁၈ ရက်ညက အင်းစိန်ကမ်းနား မုဒိတာအိမ်ရာ (၂) မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်လို့ ကျည်သင့်ဒဏ်ရာရသူတွေအား ကုသပေးနေတဲ့ ဆရာဝန်တဦးရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အဲဆရာဝန်က သေနတ်ဒဏ်ရာရတဲ့သူတွေကို ကုပေးနေတာ။ အဲဒါ မနေ့ညက စစ်တပ်နဲ့ရဲ လာဝိုင်းတာ၊ မမိလိုက်ဘူး။ ဒေသခံတွေရဲ့ ကူညီမှုနဲ့ လွတ်မြောက်သွားတယ်။”
မုဒိတာအိမ်ရာ (၂) က တာဝန်ရှိ အုပ်ချုပ်ရေးမှူးကိုလည်း အကြမ်းဖက်စစ်တပ်နဲ့ရဲက ဖမ်းဆီးခေါင်ဆောင်သွားသလို ဆန္ဒပြ လူငယ်ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း လိုက်တောင်းနေတယ်လို့ ပေါက်တောဝ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကို ထွက်ပြီးတားဆီးတဲ့ အဘွားအိုတဦးကိုလည်း ခြေတောက်တွေနဲ့ ကန်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ အင်းစိန်ကမ်းနားဘက်မှာ နယ်ဘက်ကနေ အိမ်ခန်းငှားပြီး လာရောက်လုပ်ကိုင်စားသောက်သူ အတော်များများ နေရပ်ပြန်သွားကြပြီဖြစ်ပြီး မနက်ပိုင်း ဈေးတွေမှာလည်း လူနည်းပြီး ခြောက်ကပ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပိန္နဲတောရပ်ကွက်မှာ ဆန္ဒပြလူငယ်တွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲက လိုက်လံဖမ်းဆီးရာမှာ ဖမ်းမမိလို့ ဗောဒိရိပ်သာလမ်းက ဈေးဆိုင်တွေကို ဝင်ရောက်ရှာဖွေပြီး ပိုက်ဆံတွေယူသွားသလို သဲအိတ်တွေသယ်ဖို့ လူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။