တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမယ့်ရက်ကို အခုနှစ် ဧပြီ ၁၅ ရက်နေ့အစား ၂၀၂၂ ခုနှစ် ဧပြီ ၁၅ ရက်နေ့အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနဲ့ လူမှုစီးပွား ဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်ပြီး တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုစရိတ်အတွက် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေး ဘဏ်က နှစ်စဉ် ချေးငွေများ ထုတ်ချေးပေးနေတာပါ။
တောင်သူလယ်သမားတွေ ချေးယူထားတဲ့ ၂၀၂၀ ပြည့်နှစ်၊ စိုက်ပျိုးစရိတ် မိုးချေးငွေ နောက်ဆုံးပြန်လည်ပေးဆပ်ရမယ့်ရက်မှာ အခုနှစ် ဧပြီ ၁၅ ရက်နေ့ဖြစ်ပြီး အချိန်မီပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက ဒဏ်တိုးများပေးဆောင်ရမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အဆင်အခြင်မဲ့လုပ်ရပ်များကြောင့် တောင်သူလယ်သမားတွေ အပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ဘက်ပေါင်းစုံ အခက်အခဲ၊ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး တောင်သူလယ်သမား များ၏ သက်သာချောင်ချိရေးကို ရှေးရှုပြီး CRPH က အခုလို သက်တမ်းတိုးမြှင့် ပြင်ဆင်ပေးလိုက်တာလို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ၁ နှစ်တိတိ သက်တမ်းတိုးမြှင့် ပြင်ဆင်သတ်မှတ်လိုက်တဲ့ ကာလအတွက် ဒဏ်တိုးပေးဆောင်ဖို့ မလိုအပ်ဘဲ ချေးငွေအပေါ် ပုံမှန်ကောက်ခံတဲ့ အတိုး ၅ ရာခိုင်နှုန်းကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။