အာဏာရှင် ဆန့်ကျင်ရေး ဆနပြပွဲတွေအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ဆန္ဒပြည်သူ သေဆုံးသူ အနည်းဆုံး အယောက် ၇၀ ထိ ရှိသွားပြီးဖြစ်ပါတယ်။
ဒီဗွီဘီရဲ့ စုစောင်းမှတ်တမ်းပြုချက်အရ နာမည်၊ အသက်၊ နေရပ် အတည်အကျနဲ့ သေဆုံးသူ ၇၀ ရဲ့ စာရင်း ရရှိထားပါတယ်။
အခု ကောက်ယူရရှိထားတဲ့ စာရင်းအရ ၇ဝ ထဲမှာ အမျိုးသား ၆၄ ဦးနဲ့ အမျိုးသမီး ၆ ဦး ဖြစ်ပြီး ထက်ဝက်ကျော်က အသက် ၂၅ နှစ်ယောက် လူငယ်တွေ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စစ်တပ်က တရက်အတွင်း ပစ်သတ်ခဲ့မှု အများဆုံးနေ့တွေကတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ၁၅ ယောက်၊ မတ်လ ၃ ရက်နေ့က ၂၅ ယောက်နဲ့ မတ်လ ၁၁ ရက်နေ့ မနေ့က ၁၂ ယောက် ရှိပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ဒီဗွီဘီက အတိအကျ အတည်ပြုနိုင်တဲ့ စာရင်းသာဖြစ်တာကြောင့် အမှန်တကယ် တနိုင်ငံလုံးအတိုင်းအတာအရ အခုဆန္ဒပြပွဲအတွင်း သေဆုံးသူ အရေအတွက်ဟာ ဒီထက်များနိုင်ပါတယ်။
ရန်ကုန်နဲ့မန္တလေးမှာ သေဆုံးသူ ၁၇ ယောက်စီ ရှိပြီး တနိုင်ငံလုံးမှာ အများဆုံးသေဆုံးခဲ့တဲ့ မြို့တွေ ဖြစ်ပါတယ်။ မကွေးတိုင်းမှာ ၁၁ ယောက်နဲ့ စစ်ကိုင်းမှာ သေဆုံးစုစုပေါင်း ၁၀ ဦး ရှိသွားပြီဖြစ်ကြောင်း ဒီဗွီဘီက စုဆောင်းရရှိထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ကျဆုံးသူဦးရေဟာ အနည်းဆုံး အယောက် ၇၀ ကျော် ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကလည်း ထုတ်ပြန်ပါ တယ်။
နိုင်ငံရေး အကျဉ်းသား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ အေအေပီပီရဲ့ ထုတ်ပြန်ချက်စာရင်းအရ မနေ့က မတ်လ ၁၁ ရက်နေ့အထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၀၄၅ ယောက်ထိရှိနေခဲ့ပြီ ဖြစ်ပါတယ်။
အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၃ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၇၃ ယောက်၊ ပြန်လည်လွတ်မြောက်လာသူ ၃၁၉ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၇၂၆ ယောက်ဟာ ဖမ်းဆီး၊ တရား စွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။