ဦးတေဇပိုင် AGD ဘဏ်ဟာ ရန်ကုန်မြို့ ရွှေဘုံသာလမ်း အောက်ဘလောက်မှာရှိတဲ့ ရွှေဘုံသာဘဏ်ခွဲမှာ မတ်လ ၁၂ ရက် မနက်ပိုင်းက စတင်ပြီး ငွေထုတ်ပေးနေပါတယ်။
ငွေလာထုတ်သူ တစ်ယောက်ကို ကျပ် သိန်း ၂၀ အထိ အများဆုံး ထုတ်ပေးနေပြီး တခြား ဝန်ဆောင်မှုတွေတော့ မပေးဘူးလို့ သိရပါတယ်။
"ဟုတ်ပါတယ်။ ကျနော် သတင်းကြားလို့ သွားထုတ်လာတာပါ။ ဘဏ်ကတော့ အခက်အခဲဖြစ်နေတဲ့သူတွေကိုပဲ ထုတ်ပေးနေတာလို့ ပြောပါတယ်။ တစ်ယောက်ကို တစ်ပတ်အတွင်း သိန်း ၂၀ အထိ ထုတ်ပေးပါတယ်။ ငွေလွှဲတာတို့ တခြား ဝန်ဆောင်မှုတွေကိုတော့ မလုပ်ပေးပါဘူး။ "လို့ ရွှေဘုံသာ AGD ဘဏ်ခွဲမှာ ကိုယ်တိုင်ငွေသွားထုတ်ခဲ့သူတစ်ယောက်က ပြောပြပါတယ်။
ပုဂ္ဂလိကဘဏ်တွေဟာ CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီက မတ်လ ၈ ရက်နေ့ နောက်ဆုံးထားကာ ပုဂ္ဂလိကဘဏ်တွေကို ဖွင့်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် ဒီနေ့အချိန်ထိ ဘဏ်အများစုကတော့ မဖွင့်ခဲ့ပါဘူး။