မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရှမ်းဝိုင်းရပ်ရှိ နေအိမ်တချို့ကို မတ် ၁၁ ရက် ညပိုင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖျက်ဆီးသွားပါတယ်။
စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်နဲ့ နေအိမ် ၃၀ လောက်ကို ဖျက်ဆီးခံလိုက်ရတာ ဖြစ်ပြီး နောက်ခါ ဒီထက်ဆိုးမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
အခုလို ဝင်ရောက်ဖျက်ဆီးတာ မလုပ်ခင် မနက်ပိုင်းက ရပ်ကွက်ဓမ္မာရုံမှာ စစ်တပ်က တပ်စွဲဖို့ လုပ်ခဲ့ကြပြီး အနီးပတ်ဝန်းကျင်ရှိ ကျောင်းတိုက်နေ ဆရာတော် သံဃာတော်တွေရဲ့ ညှိနှိုင်းပေးမှုကြောင့် တပ်မစွဲဖြစ်တော့ဘဲ ဓမ္မာရုံထဲက ဆန္ဒပြရာမှ သုံးတဲ့ ဒိုင်းတွေကို ယူသွားကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကွက်အတွင်းရှိ စစ်တပ်ထောက်ခံသူ မိသားစုဟာလည်း ရပ်ကွက်နေပြည်သူတွေရဲ့ ကန့်ကွက်မှုတွေကြောင့် ရပ်ကွက်တွင်းမှာ မနေတော့ဘဲ ထွက်သွားကြတာ ရှိတယ်လို့ သိရပါတယ်။
ဒီလိုအချက်တွေကြောင့်လည်း ရပ်ကွက်အပေါ် အငြှိုးထားပြီး လုပ်တာထင်တယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောဆိုကြပါတယ်။
ရှမ်းဝိုင်းရပ်မှာ လွန်ခဲ့တဲ့ရက်ပိုင်းက ညဘက် လာဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် ပြည်သူအများစုဟာ နေရာပြောင်းအိပ်ကြတဲ့အတွက် ဖမ်းဆီးခံလိုက်ရတာ မရှိဘူးလို့ သိရပါတယ်။
မနေ့မနက်ပိုင်းကလည်း မန္တလေး မြတောင်သပိတ်စစ်ကြောင်းကို စစ်အာဏာသိမ်း လုံခြုံရေးတပ်တွေက အကြမ်းဖက် နှစ်ဖက်ညှပ်ဝင်ရောက်ဖြိုခွင်းခဲ့ပြီး မတရားရိုက်နှက်မှုကြောင့် အသက် ၁၉ နှစ်အရွယ် ရတနာပုံတက္ကသိုလ်က ဘူမိဗေဒကျောင်းသား မောင်လင်းထက် ကျဆုံးသွားပါတယ်။