တစ်နိုင်ငံလုံးက ပညာရေးဝန်ထမ်း အများအပြားဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လုပ်ဆောင်နေကြပေမယ့် အခြေခံပညာကျောင်းအုပ်ကြီးတွေကို မြို့နယ်အဆင့် စွမ်းရည်မြှင့်မွမ်းမံ သင်တန်းကျင်းပဖို့ ခေါ်ယူနေတယ်လို့ သိရပါတယ်။
အထက်တန်း၊ အလယ်တန်းနဲ့ မူလတန်းအဆင့် အခြေခံပညာကျောင်းအုပ်ကြီးတွေကို မြို့နယ်အဆင့် စွမ်းရည်မြှင့်မွမ်းမံ သင်တန်းကျင်းပဖို့ စစ်အုပ်စုကို နာခံတဲ့ ပညာရေးဝန်ကြီးဌာန တာဝန်ယူထားသူတချို့က လုပ်ဆောင်နေတယ်လို့ အခြေခံ ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
ကိုဗစ်-၁၉ ကာလ ခေတ္တပိတ်ထားခဲ့တဲ့ ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ဖို့ ဆောင်ရွက်နေပြီဖြစ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းတွေ တိုးတက်ကောင်းမွန်စေရေး၊ စီမံခန့်ခွဲမှုနဲ့ စွမ်းဆောင်ရေ မြင့်မားရေးတို့အတွက် ကျောင်းအုပ်ကြီးတွေကို သင်တန်းပို့ချမယ်လို့ ရုံးအမိန့်စာ အရ သိရပါတယ်။
သင်တန်းမှာ အထက်တန်းနဲ့ အလယ်တန်းအဆင့် ကျောင်းအုပ်ကြီးတွေအတွက် မတ်လ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကျင်းပမယ်လို့ သိရပါတယ်။ မူလတန်းအဆင့် ကျောင်းအုပ်တွေအတွက်ကိုတော့ မတ် ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ သင်တန်းလုပ်ဆောင်မယ်လို့ သိရပါတယ်။
တစ်နိုင်ငံလုံးက ပညာရေးဝန်ထမ်း အများအပြားကတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့အပြင် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။