ကျားပေါက်နဲ့ နိုဗန်ထူး၊ ရေမွန်၊ ဟန်နေတာတို့ အတူဖန်တီးထားခဲ့ကြတဲ့ လတ်တ လောကာလကို ထင်ဟပ်စေတဲ့ တော်လှန်ရေးသီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။
Headshot လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ကျားပေါက်က သူ့ရဲ့ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်ကတဆင့် လင့်ခ်နဲ့အတူ ခုလိုရေးသား မျှဝေထားခဲ့တာပါ။
“ဒီအခြေအနေမှာ ရှိတဲ့ ပစ္စည်းနဲ့ ရသလို edit လိုက်ရလို့ နားလည်ပေးနိုင်မယ်ထင်ပါတယ်။ ကိုယ့်မှာ footage အမိုက်စားတွေရှိနေရင်လဲ ကြိုက်သလို ပြန်ဆက်လို့ ရပါတယ်။ သီချင်းကိုလည်း ကြိုက်သလို ကြိုက်တဲ့နေရာမှာ သုံးပါ။ free to all ပါ။ Link ဒီမှာပါ - https://drive.google.com/.../1Kqm3qeUF90YVKHYAKvB.../view...”
ကျားပေါက်(ခ)ဟန်ထူးလွင်ဟာ နာမည်ကြီးအဆိုတော် ရင်ဂိုရဲ့ မျိုးဆက်ရင်သွေး တယောက်ဖြစ်ပြီး ဖခင်နဲ့ မတူညီတဲ့ ဆူညံပေါက်ကွဲလွယ်တဲ့ ပန့်ခ်အမျိုးအစား သီချင်းတွေနဲ့ ဆယ်ကျော်သက်အရွယ်ကတည်းက Big Bag တေးဂီတအဖွဲ့နဲ့အတူ အနုပညာ လမ်းကြောင်းပေါ် ရောက်ရှိခဲ့သူဖြစ်ပါတယ်။
ပန့်ခ်အကြောင်းအပြောနဲ့၊ အားလုံးအတွက်ပန့်ခ်၊ AD 3000၊ တယ်လီပန်ခ့်စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေကစလို့ ထင်ရှားတဲ့ သီချင်းပေါင်းများစွာကို ရေးသား သီဆိုအောင်မြင်ခဲ့တဲ့ ကျားပေါက်ဟာ ဝါသနာပါရာ စာပေရေးသားမှုတွေ၊ ပန်းချီဆွဲတာ တွေကိုလည်း လုပ်ဆောင်နေသူတယောက်ပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်နေကြတာပါ။
ဒီဆန္ဒပြပွဲတွေအတွင်းမှာတော့ အနုပညာရှင်တွေဟာ ပြည်သူလူထုနဲ့အတူ ရှေ့ တန်းကနေ တက်တက်ကြွကြွ လှုပ်ရှားနေကြပြီး အဲဒီထဲမှာ ကျားပေါက်တို့အဖွဲ့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း “ကြောက်ခေတ်” လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ကျားပေါက်က အန်အယ်လ်ဒီပါတီ မဲဆွယ်ကမ်ပိန်း သီချင်း တပုဒ်အနေနဲ့ ကိုယ်တိုင်ရေးသား သီဆိုထားခဲ့ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားခဲ့ပါသေးတယ်။
ခုတခါ သူတို့ ၄ ယောက် ပူးပေါင်းဖန်တီးထားတဲ့ Headshot သီချင်းထဲမှာတော့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်မှုတွေ၊ ပြည်တွေရဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်နေမှုတွေကို ထင်ရှားပေါ်လွင်အောင် ရေးဖွဲ့ထားခဲ့ပြီး လူထုကြွေးကြော်သံတွေနဲ့အတူ ဖန်တီးထားခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။