ကချင်ပြည်နယ် ရွှေကူမြို့မှာ မတ်လ ၈ ရက်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည် အသုံးပြုဖြိုခွင်းခဲ့ကြလို့ ၈၇ ဦး ဖမ်းခံခဲ့ရပြီး အဲဒီထဲက ၄ ဦးကိုတော့ ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၂၅ စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပါတယ်။
တရားစွဲခံရသူ ၄ ဦးလွတ်မြောက်ဖို့ ရှေ့နေတွေက ကြိုးစားသွားမယ်လို့ သိရပါတယ်။ အကြမ်းဖက် ဖြိုခွင်းမှုဖြစ်စဉ်မှာ ရာဘာကျည်ထိထားတဲ့ ပြည်သူတချို့ ရှိနေပြီး သူတို့ကို ပြည်သူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတစ်ဦးက “ကျနော်တို့ကို ဆွဲဖမ်းတယ်ဗျာ။ ပြီးတော့ စစ်တပ်ထဲကိုပို့ဖို့ စစ်ကားပေါ်တောင်ပါပြီးပြီဗျာ။ အဲဒီအချိန်မှာ ပြည်သူတွေက ရဲစခန်းကနေ ထွက်လို့ရမယ့်လမ်းတွေ အကုန်ပိတ်လိုက်ကြတယ်။ ပြီးတော့ သံပုံးတွေတီးပြီး တောင်းဆိုကြတော့ သူတို့ ကားထွက်လို့မရတော့ဘဲ ရဲစခန်းမှာပဲ ခံဝန်ကတိထိုးပြီး ပြန်လွှတ်ပေးတယ်ပေါ့ဗျာ။ တကယ်လို့ ပြည်သူတွေသာ မညီရင် အခုချိန်လောက်ဆို စစ်တပ်ထဲမှာ သူတို့ ပြုသမျှနုရတော့မှာဗျ။ အခုအခြေအနေက ရွှေကူမြို့က ပြည်သူတွေရဲ့စည်းလုံးမှုကို မြင်တွေ့လိုက်ရတာပါပဲဗျာ။ ကျန်ထားတဲ့ ၄ ယောက်အတွက် ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ ပြောပါတယ်။
ရွှေကူမြို့မှာ အခုလို အကြမ်းဖက်ဖြိုခွင်းမှုဟာ ပထမဆုံးဖြစ်ပြီး စစ်တပ်က တာဝန်ရှိသူ အများစုက အရေးအခင်းကာလအတွက် တခြားတပ်တွေကနေ အစားထိုးထားသူတွေ ဖြစ်တယ်လို့ သိရပါတယ်။