စစ်အာဏာရှင်ဆန့်ကျင်လူထုဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးခဲ့ရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိကြသူတွေကို စေတနာရှင်ပြည်သူတွေနဲ့အတူ အလှမယ် ခင်ဝင့်ဝါက ဆက်တိုက်လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်ကတဆင့် ခင်ဝင့်ဝါက ရေးသားထားခဲ့တာဖြစ်ပြီး မတ်လ ၃ ရက်နေ့ကနေ လက်ရှိအချိန်ထိ စုစုပေါင်း ၂၆,၈၂၂,၀၀၀ ကျပ် ရရှိပြီး ဖြစ်ကာ အဲဒီအလှူငွေထဲက ကျဆုံးအာဇာနည် ၈ ယောက်နဲ့ ကျည်ထိလူနာ ၃၄ ယောက်အတွက် ၁၈,၇၀၀,၀၀၀ ကျပ်ကို ဆက်သွယ်ကူညီပေးအပ်ခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ရက်တွေမှာလည်း ရန်ကုန်နဲ့ နယ်အသီးသီးက မလှူရသေးတဲ့ သူတွေဆီ ဆက်သွယ်လှူဒါန်းသွားမှာဖြစ်ကြောင်းနဲ့ သွားရေး လာရေး အခက်အခဲနဲ့ ဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြန့်ကြာနေရတာကိုလည်း နားလည်ခွင့်လွှတ်ပေးဖို့၊ တတ်အားသရွေ့ ပါဝင်လှူဒါန်းလိုသူတွေလည်း ဆက်သွယ်နိုင်ဖို့နဲ့ ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်တယ်လို့ ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်း ဆီးခေါ်ဆောင်သွားခဲ့ပြီး အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပြုလုပ်နေကြတာပါ။
အဆိုပါလှုပ်ရှားမှုတွေထဲမှာ အနုပညာရှင်တွေလည်း ပါဝင်နေခဲ့ကြပြီး ခင်ဝင့်ဝါကလည်း တယောက်အပါအဝင် ဖြစ်ပါတယ်။ အလှမယ်မော်ဒယ်သရုပ်ဆောင်တယောက် ဖြစ်တဲ့ ခင်ဝင့်ဝါဟာ ဆန္ဒပြလှုပ်ရှားမှုတွေမှာ လူထုနဲ့အတူ ရှေ့တန်းကပါဝင်လှုပ်ရှားနေ သူတယောက်လည်းဖြစ်ကာ စစ်အာဏာရှင်တွေနဲ့ ဆက်စပ်တဲ့ ဘယ်လိုစီးပွားရေးလုပ်ငန်းကိုမှ ကြော်ငြာပေးခြင်းပြုလုပ်သွားမှာမဟုတ်ကြောင်းနဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်စပ်တဲ့ ထုတ်လုပ်ရေးတွေနဲ့လည်း ဘယ်လိုအနုပညာလှုပ်ရှားမှုကိုမှ ပူးပေါင်းလုပ်ဆောင် တော့မှာမဟုတ်ကြောင်းလည်း အတိအလင်းပြောထားခဲ့တာ ဖြစ်ပါတယ်။
မတ် ၇ ရက်နေ့ကတော့ စုပေါင်း လှူဒါန်းငွေတွေထဲကနေ မုံရွာမှာ ကျဆုံးသွားတဲ့ အာဇာနည် ကိုဇော်သိန်းအောင်နဲ့ ကိုကောင်းမင်းခန့်ကျော်(ခ)ဖိုးသဲတို့ကို ဆက်သွယ်ပေးအပ်ခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ကျဆုံးသွားရသူဦးရေဟာ အနည်းဆုံးအယောက် ၅၀ ကျော်ရှိနေပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူပေါင်း ၁၄၀၀ ကျော်ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။