မန္တလေးတိုင်း ဝမ်းတွင်းမြို့လယ် တိုးနယားခန်းမအောက်မှာ မတ်လ ၆ ရက်က ဝမ်းတွင်း Gen Z တွေက CDM ဝန်ထမ်းများ ထောက်ပံ့ဖို့ စာအုပ်ဟောင်းတွေကို ကြိုက်သလောက်ယူ ကြိုက်သလောက်လှူ စာတန်းရေးထိုးပြီး အလှူငွေရှာဖွေနေကြပါတယ်။
ဝမ်းတွင်း Gen Z တစ်ဦးက"အုတ်တစ်ချပ် သဲတစ်ပွင့်လို ဖြည့်ဆီးပေးချင်လို့ လုပ်တာပါ။ CDM ဝန်ထမ်းတွေကို တတ်နိုင်သလောက်နဲ့ အကူအညီပေးချင်လို့ပါ။ မလှူနိင်လည်း ဖတ်ချင်တဲ့ စာအုပ်ကို ယူလို့ရပါတယ်။ စာပေဗဟုသုတလည်း မျှဝေပြီးဖြစ်ပါတယ်။ ရလာတဲ့ အလှူငွေကိုလည်း အကူအညီပေးနိုင်တယ်၊ သူငယ်ချင်းတွေ အားလုံးဆီက စာအုပ်တွေစုပြီး မတည်လိုက်တာပါ။ ပြည်သူတွေကလည်း စာအုပ်တွေ လာလှူကြတယ်" လို့ ပြောပါတယ်။
ငွေနဲ့စာအုပ်လှူသူတစ်ဦးက "လူငယ်လေးတွေ ဆန္ဒပြသွားသူတွေရဲ့ အမှိူက်တွေ လိုက်ကောက်ကြတယ်။ အခုလည်း ဝန်ထမ်းတွေရဲ့ အခက်အခဲကို ကိုယ်ချင်းစာပြီး သူတို့အသိစိတ်ကလေးနဲ့ လုပ်ဆောင်နေတာကို ကျေနပ်အားရတယ်၊ အမြဲအားပေးနေမှာပါ"လို့ ပြောပါတယ်။
ဝမ်းတွင်းလူငယ် ၂၀ လောက်က သူတို့အိမ်မှာရှိတဲ့ စာအုပ် တစ်ရာကျော်လောက်နဲ့ မတ်လ ၅ ရက်က စတင်လုပ်ဆောင် ခဲ့တာပါ။ စတဲ့နေ့မှာပဲ ပြည်သူတွေက စာအုပ်တစ်ရာကျော်လောက် လာလှူကြပြီး အလှူငွေလည်း သုံးသိန်းလောက်ရခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၆ ရက်နေ့မှာလည်း စာအုပ်တစ်ရာကျော်လောက်နဲ့ ငွေ လာလှူကြပါတယ် သိရပါတယ်။
မိတ္ထီလာခရိုင် ဝမ်းတွင်း၊ သာစည်၊ မလှိူင်၊ မိတ္ထီလာတို့မှာ နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာပါ။